မမီးမီး ယာဉ်မတော်တဆဖြစ်ခဲ့သည့်နေရာတွင် နားနေဆောင်တခု ဆောက်လုပ်လှူဒါန်းမည်
ကျော်ဇေယျာဝင်း
·
August 16, 2018
၈၈ မျိုးဆက်ကျောင်းသူ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်သင်းသင်းအေး ခေါ် မမီးမီး ယာဉ်မတော်တဆဖြစ်ပွားခဲ့တဲ့ နေရာမှာ ခရီးသွားပြည်သူတွေ နားခိုနိုင်အောင် နားနေဆောင်တခု ဆောက်လုပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
မမီးမီးဟာ သြဂုတ် ၁၃ ရက်နေ့က ပုသိမ်မြို့မှ ရန်ကုန်အပြန် ရန်ကုန်-ပုသိမ် လမ်းမကြီး မိုင်တိုင် ၇၁ မိုင် ၇ ဖာလုံ (၁၁၅ ကီလို) မှာ ယာဉ်မတော်တဆဖြစ်ပြီး ကျောင်းကုန်းဆေးရုံမှာ ဆေးကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့တာပါ။
ကွယ်လွန်သွားတဲ့ မမီးမီးကို ရည်စူးပြီး ကျောင်းကုန်းမြို့နယ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးဆောင်ပြီး ဆောက်လုပ်လှူဒါန်းမယ်လို့ မမီးမီးရဲ့ ခင်ပွန်းဖြစ်သူ ဦးလှမိုးက ပြောပါတယ်။
"မမီးမီးအတွက် ရည်စူးပြီးပေါ့နော်။ သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သူ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့တဲ့နေရာမှာ ခရီးသွားပြည်သူတွေ သွားရင်းလာရင်း နားခိုနိုင်အောင် နားခိုဆောင်လေးတခု ဆောက်လုပ်လှူဒါန်းမှာပေါ့နော်။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" လို့ မမီးမီးရဲ့ ခင်ပွန်း ဦးလှမိုးက ပြောပါတယ်။
မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွ ပါဝင်ခဲ့သူတဦးဖြစ်ပြီး ၁၉၈၈ ကနေ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ်နှစ်ရှည် ၃ ကြိမ် အကျခံခဲ့ရသူဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ၂၀၀၈ ခုအတွင်းမှာ တရားမ၀င်အသင်းဖွဲ့စည်းမှု၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပျားစေမှု၊ အီလက်ထရောနစ်ပုဒ်မတို့အပါအ၀င် ပုဒ်မအနည်းဆုံး ၅ ခုနဲ့ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသူလည်းဖြစ်ပြီး၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အကျဉ်းထောင်က လွတ်မြောက်ခဲ့ပါတယ်။
မမီးမီး ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး သား ၁ ဦး၊ သမီး ၁ ဦးနဲ့ မြေး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။