ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို အလုပ်သဘောခရီးသွားမည်
ရွှေအောင်
·
August 16, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း စင်ကာပူနိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၁၆ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ လီရှန်လုံးရဲ့ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဟောပြောဖို့ စင်ကာပူနိုင်ငံကို အခုလအတွင်း သွားရောက်ဖို့ ရှိနေတယ်လို့ အစောပိုင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှ လေ့လာရေးဌာန ISEAS - Yusof Ishak Institute ကစီစဉ်တဲ့ SINGAPORE LECTURE ပွဲမှာ “မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း၊ စိန်ခေါ်မှုများနှင့် ရှေ့ခရီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သြဂုတ် ၂၁ ရက်မှာ ဟောပြောပို့ချမယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်က စင်ကာပူနိုင်ငံကို ၃ ရက်ကြာ တရားဝင်ခရီးသွားခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်မယူခင်ကလည်း အတိုက်အခံဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာက စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ် (SMU) မှာ ဟောပြောခဲ့ဖူးပါတယ်။
ဓာတ်ပုံ-TodayOnline