နွားနှင့်ဆိတ် မှောင်ခိုရောင်းဝယ်နေမှုကြောင့် ဈေးကွက်နစ်နာမှုမရှိအောင် လုပ်ဆောင်မည်
DVB
·
August 15, 2018

မြန်မာနိုင်ငံမှာ တနှစ်ကို နွားနဲ့ ဆိတ်ကောင်ရေ သုံးသိန်းခန့် ပြည်ပကို တရားမဝင် မှောင်ခိုရောင်းဝယ်နေမှု ရှိနေပြီး ဈေးကွက်နစ်နာမှု မရှိအောင် တရုတ်ပြည် ယူနန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။
မကွေးမြို့ ထိန်ထိန်သာဟိုတယ်မှာ သြဂုတ် ၁၄ ရက် မနက်ပိုင်းက USAID က ဦးဆောင်ကျင်းပတဲ့ စိုက်ပျိုးစီးပွားကဏ္ဍ အခြေအနေများနဲ့ အခွင့်အလမ်းများ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်တာပါ။
“မွေးမြူရေးကိစ္စက တရုတ်ပြည်ကို မှောင်ခိုသွားနေတာ နွားက တသိန်းခွဲလောက် ရှိတယ်။ ဆိတ်က တသိန်းလေးသောင်းလောက် ရှိတယ်။ အဲဒါတွေကို တရုတ်တွေ နှပ်တာ မခံရအောင် Government to Government မြန်မာအစိုးရနဲ့ ယူနန်အစိုးရတို့ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်။ နွားတွေကို တရားဝင် သွားလို့ရအောင် ထောက်ခံချက်တွေကို ဖြေလျှော့ပြီး လွယ်ကူအောင် ဆောင်ရွက်ပေးနေတယ်”
မကွေးတိုင်းဒေသကြီးအတွင်းမှာ နွားကောင်ရေ ၁၄ သိန်းလောက် ရှိနေပြီး ပြည်ပကို ပို့ပြီးတာ တသောင်းကျော်လောက်ပဲရှိတဲ့အတွက် မထိခိုက်နိုင်တဲ့အကြောင်းနဲ့ တရားဝင် ရောင်းခွင့်မပြုရင်လည်း မှောင်ခိုတွေ သွားကြပြီး အခွန်တွေ ဆုံးရှုံးနစ်နာမှာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။
မကွေးတိုင်းဒေသကြီးမှာ နွားတကောင်ကို အရင်က တိုင်းဒေသကြီး အခွန်ငွေအဖြစ် ၃၀၀၀ ကျပ် ကောက်ခံရာကနေ အခု ၅၀၀၀ ကျပ်အထိ အခွန်ပေးဆောင်နေကြရတယ်လို့ သိရပါတယ်။
မင်းထီး