မြန်မာ-အိန္ဒိယ တံတားဖွင့်ပွဲနှင့်နယ်စပ်ဖြတ်သန်းခွင့်ကို ဆန္ဒပြခြင်းမဟုတ်ဟုဆို
DVB
·
August 11, 2018

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက် ဂိတ်ဖွင့်ပွဲအပြီး အိန္ဒိယဘက်က ဒေသခံတချို့ ဆန္ဒပြခဲ့တာဟာ တံတားဖွင့်ပွဲနဲ့ နယ်စပ်ဖြတ်သန်းခွင့်ကို ဆန္ဒပြတာ မဟုတ်ဘူးလို့ မိုးရေးမြို့ ဒေသခံတွေက ငြင်းဆိုလိုက်ပါတယ်။
သြဂုတ် ၈ ရက်နေ့က တမူးမြို့ မြန်မာ-အိန္ဒိယနယ်နယ်စပ်ဖြတ်သန်းခွင့်နဲ့ တံတားဖွင့်ပွဲအပြီးမှာ မြန်မာနိုင်ငံက အမြဲတန်း အတွင်းဝင်နဲ့ ဧည့်သည်တွေ အိန္ဒိယကောင်စစ်ဝန်နဲ့အတူ အိန္ဒိယဘက်ခြမ်းကို သွားရောက်လည်ပတ်ရာမှာ ဆန္ဒပြပွဲနဲ့ ကြုံတွေ့ခဲ့လို့ ကားတန်း လှည့်ပြန်လာခဲ့ကြရပါတယ်။
ဒီဖြစ်ရပ်ပေါ် နယ်စပ်တံတားဖွင့်ပွဲနဲ့ နယ်စပ်ဖြတ်သန်းခွင့်ကို ဆန္ဒပြတာလို့ မြန်မာဘက်အခြမ်းက ပြည်သူတချို့က ထင်မြင်နေကြတဲ့အတွက် မဟုတ်မှန်ကြောင်း အိန္ဒိယနယ်စပ် မိုးရေးမြို့ဒေသခံတွေက တုံ့ပြန်လိုက်တာပါ။
၁၉၉၂ နဲ့ ၉၇ ခုနှစ်တုန်းက ကူကီးလူမျိုးတွေနဲ့ နာဂလူမျိုးတွေ နယ်မြေပြဿနာကြောင့် ကူကီးလူမျိုးတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိုးအိမ်မြေနေရာတွေနဲ့ သေဆုံးခဲ့တဲ့ ကူကီးလူမျိုးတွေအပေါ် အိန္ဒိယအစိုးရရဲ့ လစ်လျူရှုမှုကို ဆန္ဒပြခဲ့ကြတာလို့ အိန္ဒိယနိုင်ငံသားတဦးက ပြောပါတယ်။
ဒီလိုဆန္ဒပြမှုဟာ အိန္ဒိယနိုင်ငံဘက်က မိုးရေးမြို့ တမြို့တည်း မဟုတ်ဘဲ ကူကီးလူမျိုးတွေရှိတဲ့ အခြားမြို့တချို့မှာလည်း ဆန္ဒပြခဲ့ကြတယ်လို့ မိုးရေမြို့ အရပ်ဘက်အဖွဲ့အစည်းက မိုဟန်းက ပြောပါတယ်။