Home
မြန်မာသတင်း
“သမိုင်းဖျောက် အဖိနှိပ်ခံ ကူကီးလူမျိုးများ” စာအုပ်မိတ်ဆက်
DVB
·
August 10, 2018
“သမိုင်းဖျောက် အဖိနှိပ်ခံ ကူကီးလူမျိုးများ” ဆိုတဲ့ အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ Orchid Hotel မှာ သြဂုတ်လ ၁ဝ နေ့က ပြုလုပ်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ ကူကီးလူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ကဘော်ဒေသက ကျေးရွာတွေမှာ စစ်တမ်းကောက်ယူပြီး လူတွေ့မေးမြန်းချက်တွေကို ဖော်ပြထားပါတယ်။ ကူကီးလူမျိုးတွေဟာ အိန္ဒိယနိုင်ငံမှာ ၁ဝ သိန်းကျော် နေထိုင်ကြပြီး မြန်မာနိုင်ငံမှာ ၂ သိန်းကျော် နေထိုင်နေကြပေမယ့် ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံက တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားအုပ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာမျိုးလည်း မရှိပါဘူး။ ၁၉၆၇-၆၈ ခုနှစ်မှာ စစ်အစိုးရက ကူကီးလူမျိုး နှစ်သောင်းကျော်ကို အိန္ဒိယနိုင်ငံဘက် မောင်းထုတ်တာခံခဲ့ရပြီး ၁၉၉ဝ ပြည့်နှစ် ကဘော်ဒေသမှာ ရဲဘက်အကျဉ်းစခန်းတွေ ထားရှိတာ၊ အခြားနေရာက ဗမာလူမျိုးတွေ ခေါ်ယူကာ ကျေးရွာတွေ တည်ထောင်ပေးတာနဲ့ အဲဒီကျေးရွာတွေအတွက် လယ်ယာမြေတွေကို သိမ်းဆည်းပြီး လူတံတိုင်း စီမံကိန်းတွေကို တည်ဆောက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကူကီးလူမျိုးတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာ မြန်မာစစ်တပ်အပြင် အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ ကသည်း လက်နက်ကိုင်အဖွဲ့လည်း ရှိနေတယ်လို့ ဒီကနေ့ အစီရင်ခံစာ ထုတ်ဝေသူတွေက  ပြောဆိုသွားပါတယ်။ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ (ချင်း)အရ အနောက်ပိုင်း တိဘက်မြန်မာ အုပ်စုဝင်တွေထဲမှာ ချင်းနဲ့ ကူကီးလူမျိုးတို့ဟာ မြန်မာပြည်ထဲကို ပထမဆုံး ရောက်ရှိလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024