ညောင်လေးပင် ရေးဘေးသင့် အိမ်ထောင်စု ၃ဝဝ ကျော် အစိုးရအထောက်အပံ့ မရရှိ
DVB
·
July 30, 2018

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကျေးရွာသုံးရွာက ရေဘေးသင့် အိမ်ထောင်စု ၃ဝဝ ကျော် အစိုးရရဲ့ အကူအညီအထောက်အပံ့တွေ မရရှိသေးဘူးလို့ ကယ်ဆယ်ရေး စခန်းတာဝန်ခံတွေက ပြောပါတယ်။
ညောင်လေးပင်မြို့ မုက္ခမူကျေးရွာ၊ ပုစွန်မြောင်းကျေးရွာ၊ ပြင်ရေကြီးကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်ထားပြီး အဆိုပါကျေးရွာတွေက ရေဘေးသင့်ပြည်သူ ၁၅ဝဝ ကျော် အစိုးရရဲ့ အထောက်အပံ့ မရရှိသေးဘဲ ရှိနေတာဖြစ်ပါတယ်။
ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးခင်မောင်စိုးက“ဒီမှာက ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ရာက နေရာတွေက ကျဉ်းတယ်။ ဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာလာနေတဲ့ အိမ်ထောင်စုတွေ လည်း ရှိတယ်။ အမြင့်ပိုင်းနီးစပ်ရာ အိမ်တွေမှာ နေတဲ့သူတွေလည်း ရှိတယ်။ ကယ်ဆယ်ရေး စခန်းတွေမှာ အထိုင်ချပြီး ပရဟိတအဖွဲ့တွေ လာလှူတဲ့အခါ လိုက်လံထောက်ပံ့ပေးနေရတယ်။ အစိုးရရဲ့ ကူညီထောက်ပံ့ ပေးတာတော့ မရသေးဘူး”လို့ ပြောပါတယ်။
စစ်တောင်းမြစ်ရေတက်လာတာ ရက်ကြာလာတဲ့အမျှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု တွေ အဝတ်အထည်၊ အစားအစာနဲ့ သောက်သုံးရေးရှားပါးမှုကိုပါ ခံနေရပြီး ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေပါ လိုအပ်နေတာပါ။
အစိုးရ လူကယ်ပြန်ဝန်ကြီးဌာနက မဒေါက်ဒေသမှာ ကူညီထောက်ပံ့ပေးတာပဲရှိပြီး ညောင်လေးပင်မြို့နယ်မှာတော့ ကူညီထောက်ပံ့မှု ဘယ်သူ့ကိုမှ မပေးရသေးဘူးလို့ အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က ဒီဗွီဘီကိုပြောပါတယ်။
“အခု ကျနော်တို့ တိုင်းဒေသကြီး အစိုးရရဲ့ ထောက်ပံ့တာကို သွားထုတ်နေတုန်းပါ။ ဘယ်သူ့ကိုမှတော့ မထောက်ပံ့ရသေးဘူးလို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နယ်မှာ အိမ်ထောင်စု ၂ဝ၃၂စုက ရေဘေးသင့်ပြည်သူ လူဦးရေ ၁ဝ၆၇၃ ကယ်ဆယ်ရေးစခန်း ၃၃ ခု မှာယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။