အရေးပေါ်အခြေနေ ကြေညာထားသည့် မဒေါက်ရေကာတာ စိုးရိမ်စရာမရှိသေးဟု တာဝန်ရှိသူပြော
DVB
·
July 29, 2018

အရေးပေါ်အခြေနေ ကြေညာထားတဲ့ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းမှာ စစ်တောင်းမြစ်ရေကျလာတာကြောင့် စစ်တောင်းရေကာတာရေကျော်ပြီး ကျိုးကျလာဖို့ စိုးရိမ်စရာမရှိသေးဘူးလို့ မဒေါက်မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ခုမနက်ထိတော့တာက ရေကျနေပါတယ်။ အရမ်စိုးရိမ်ရတဲ့ အနေအထားတော့ မတွေ့ရသေးပါဘူး။ မနေ့က အရေးပေါ်အခြေအနေ ကြေညာထားပေမယ့် ခုမနက်ထိ ရေနည်းနည်းချင်းကျလာတော့ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိသေးဘူး” လို့ မဒေါက်မြို့အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုး က ဒီဗွီဘီကိုပြောပါတယ်။
ဆည်မြောင်း AE ပြောတာကတော့ ပျက်စီးနိုင်တဲ့ အနေအထားမရှိဘူး။ စိတ်ချရတယ်လို့ ပြောတယ်။ ရွှေမြတ်လေး ပရဟိတက လူငယ်တွေဌာနဆိုင်ရာတွေ တပ်မတော်သားတွေ စုစုပေါင်းအင်အား ၁၀၀ လောက်နဲ့ ရေကာတာပေါ်မှာ အုပ်သဲကျောက်တွေကို ကာရံနေတယ်လို့ ဦးနေဇာမျိုးက ဆိုပါတယ်။
ခုအချိန်ထိ မဒေါက်ရေကာတာ ရေကျော်ကျိုးကျတာ မရှိသေးပေမယ့် မဒေါက်မြို့ရဲ့ ဧရိယာအပြင်ဘက်မှာ ကြွက်တွင်းပေါက်နှစ်နေရာကနေရဲ့ ရေစိမ့်ထွက်လာတာကြောင့် အချိန်မီ တားဆီးနိုင်ခဲ့ပြီး ရေစိမ့်ထွက်မှု မရှိတော့ဘူးလို့ သိရပါတယ်။
မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ ဇူလိုင် ၂၉ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံး တိုင်တာချက်အရ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရဲ့အထက်ကို ကျော်လွန်နေပြီး ၁၂၇၇ စင်တီမီတာကို ရောက်ရှိနေတာကြောင့် ကျေးရွာအုပ်စု ၁၁ အုပ်စုက အိမ်ထောင်စု ၂၂၄၁ စုမှ ရေဘေးသင့်လူဦးရေ ၁၀၆၂၇ ကယ်ဆယ်ရေးစခန်း ၅ ခု ခိုလှုံနေရတယ်လို့ သိရပါတယ်။