ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် စိုးရိမ်ထိတ်လန့်ရန်မလိုဟု သမ္မတပြော
DVB
·
July 29, 2018

အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတို့မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်နေဖို့ မလိုဘူးလို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
မနေ့မနက်ပိုင်းက ပဲခူးတိုင်းအစိုးရ၊ လွှတ်တော်နဲ့ တရားလွှတ်တော်၊ ခရိုင်နဲ့မြို့နယ်တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
ဒီအချိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အခွင့်ကောင်း အခါကောင်းဖြစ်ပြီး အားလုံးတက်ညီလက်ညီနဲ့ နည်းမှန် လမ်းမှန် လိုက်ပါဆောင်ရွက်မှပဲ တိုင်းပြည် အမြန်ဆုံး ဖွံဖြိုးတိုးတက် ချမ်းသာ ကြွယ်ဝပြီး ပြည်သူလူထုလည်း လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား လာမယ်လို့ ပြောပါတယ်။
အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးပြောရာမှာ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်တဲ့ ယန္တရားမဖြစ် စေလို ပါကြောင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးဖို့ လိုပါကြောင်း၊ ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကိုကာကွယ်ပေးတဲ့ စီမံခန့်ခွဲမှုမျိုးဖြစ်စေလိုပါကြောင်း စသည်ဖြင့် ပြောပါတယ်။
ဥပဒေပြုရေးမှာတော့ ဥပဒေတွေရေးဆွဲရာမှာ ခေတ်ကာလ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့၊ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ ဥပဒေတွေရေးဆွဲဖို့လိုပြီး တရားစီရင်ရေးမှာလည်း ဆင်းရဲချမ်းသာမရွေး၊ ရာထူးဋ္ဌာနန္တရမရွေးဘဲ ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးဖြစ်ဖို့၊ တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မှန်မှန်ကန်ကန် တရားစီရင်ကြဖို့လိုတယ်လို့ ပြောပါတယ်။
တရားစီရင်ရေးကဏ္ဍမှာ ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးကို အကောင်အထည်ဖော်နေပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် အဆင့်ဆင့် တာဝန်ယူ တာဝန်ခံ ကြရမှာဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်ခံရတာမရှိအောင် အမြဲမပြတ် စောင့်ကြည့်ဖို့ လိုအပ်ပြီး တရားဥပဒေရဲ့ ရှေ့မှောက်မှာ နိုင်ငံသူနိုင်ငံသားအားလုံး အညီအမျှဖြစ် ကြရမယ်လို့လည်း ပြောပါတယ်။
အဂတိလိုက်စားတာတွေနဲ့ပတ်သက်ပြီးတော့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥပဒေတွေနဲ့ အညီ ထိထိရောက်ရောက် ဆောင်ရွက်နေပြီး ကော်မရှင်ကို တိုင်းနဲ့ ပြည်နယ်တွေအထိ ဖွဲ့စည်းနေကြောင်း၊ ဝန်ကြီးဌာနအလိုက် Corruption Prevention Unit -CPU (အဂတိ ကာကွယ်ရေးအဖွဲ့) တွေဖွဲ့ပြီး ထိန်းကျောင်းဖို့ စီမံနေကြောင်း စသည်ဖြင့်ပြောပါတယ်။
ပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်နေပြီး တရားမျှတမှုရရှိရေး အကောင်အထည်ဖော်တာဟာ ဒီမိုကရေစီ ခိုင်မာစေရေးဖြစ်သလို လူ့အဖွဲ့အစည်းကိုလည်း ခိုင်မာတောင့်တင်းစေပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို အထောက်အပံ့ ဖြစ်စေပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်နိုင်မှပဲ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်း သာယာ ဝပြောစည်ပင်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။