လာအိုရေကာတာ ပြိုကျမှု သင်ခန်းစာယူပြီး ရေကာတာများ ထပ်မဆောက်ရန် တောင်းဆို
နော်နိုရင်း
·
July 27, 2018

လာအိုနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေကာတာပြိုကျမှု ဘေးအန္တရာယ်ကို မြန်မာအစိုးရ အနေနဲ့ သင်ခန်းစာယူကာ ရေကာတာကြီးတွေ ရေရှည်ခိုင်ခံ့မှု စစ်ဆေးပြီး ရေကာတာသစ် ထပ်မံတည်ဆောက်တာတွေ မပြုလုပ်ဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး လာအိုနိုင်ငံ ရေကာတာပြိုကျမှုဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော စိုးရိမ်ထိတ်လန့်မှုကို မြင်တွေ့လာစေတယ်လို့လည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက် အဖွဲ့ဝင် ခွန်ထက်စိုးက “ကျနော်တို့ကတော့ မြန်မာနိုင်ငံမှာ အခုတည်ဆောက်ဆဲ ရေကာတာ ရှိတယ်။ ပြီးတော့ ဆောက်လုပ်မယ့်နေရာ လျာထားချက်တွေလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ လက်ရှိအစိုးရအနေနဲ့ ဒီပေါ်မှာ ပြန်လည်သုံးသပ်ဖို့လိုတယ်။ လက်ရှိ တည်ဆောက်မယ့်နေရာတွေကလည်း အဓိက ဌာနေတိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေကြတယ်ဆိုတော့ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ချင့်ချိန်ပြီးတော့ စီမံကိန်းတွေ ဆောက်လုပ်ဖို့ ဒါတွေကို ပြန်သုံးသပ်စေချင်တယ်ပေါ့လေ” လို့ ပြောပါတယ်။
မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၃ ရက်နေ့က လာအိုနိုင်ငံက တည်ဆောက်ဆဲ Xepian-Xe Nam Noy ရေကာတာမှာ ပြိုကျခဲ့ရာ ပျှမ်းမျှလူဦးရေ ၃၀၀ ကျော် ပျောက်ဆုံးနေပြီး ပြည်သူ ၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ်ပေးတဲ့ ရေကာတာကြီး ၂၆ ခု ရှိနေပြီး နောက်ထပ် ရေကာတာ ၅၀ ကို ထပ်မံဆောက်လုပ်သွားမယ့် စီမံကိန်းတွေလည်း ရှိနေပါတယ်။
ဒီလို ရေကာတာတွေ ထပ်မံတည်ဆောက်မယ့် စီမံကိန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်စွမ်းအင် တင်ပို့ရောင်းချဖို့ဖြစ်ပြီး ဒေသခံ လူမှုအသိုင်းအဝိုင်းတွေက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းပေါ်ကို ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကြောင့် ရေကာတာတွေ ဆောက်လုပ်နေတာကို ကန့်ကွက်နေခဲ့တာ ဖြစ်ကြောင်းလည်း ဖြော်ပပါတယ်။
မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြီးဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက် အာဏာခွဲဝေပေးမှုတွေ ရရှိလာချိန်အထိ မြန်မာနိုင်ငံရှိ ရေကာတာစီမံကိန်းတွေ ဆိုင်းငံ့ထားပေးဖို့လည်း တောင်းဆိုထားပါတယ်။