မလေးရှားနှင့် အိန္ဒိယရောက် ချင်းဒုက္ခသည်များကို နေရပ်ပြန်ပို့မည့်အစီအစဉ်ကို ကန့်ကွက်
နော်နိုရင်း
·
July 25, 2018

မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့ ချင်းဒုက္ခသည်တွေကို မကြာခင်ပြန်ပို့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ချင်းနိုင်ငံရေး ပါတီတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မနေ့က ဇူလိုင်လ ၂၄ ရက် ရက်စွဲနဲ့ ချင်းနိုင်ငံရေးပါတီ ၅ ပါတီက ပူးတွဲ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံကွာလာလမ်ပူနဲ့ အိန္ဒိယနိုင်ငံနယူးဒေလီမြို့ အခြေစိုက် ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ ချင်းဒုက္ခသည်တွေပြန်ပို့ရေးကိစ္စမှာ သက်ဆိုင်ရာ ပြည်တွင်း နိုင်ငံရေးပါတီတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေကို ညှိနှိုင်းဆွေးနွေးဖို့လည်း တိုက်တွန်းထား ပါတယ်။
ချင်းပြည်နယ်ရဲ့ လက်ရှိအခြေအနေကို ရာသက်ပန်တည်ငြိမ်ပြီလို့ UNHCRက ရှုမြင်သုံးသပ်ပြီး ချင်းဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ဖို့ ဆုံးဖြတ်လိုက်တာကို အံ့သြ၀မ်းနည်းတယ်လို့ လည်း ချင်းပါတီတွေက ဆိုပါတယ်။
အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က “မလေးရှား နဲ့ အိန္ဒိယမှာ ချင်းပြည်နယ်ကနေ ထွက်သွားတဲ့ဒုက္ခသည်တွေ ရှိတာပေါ့။ သူတို့တွေကို ချင်းပြည်နယ်ကိုပြန်ပို့ဖို့၊ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ဆိုတဲ့နေရာမှာ အဆောတလျင်ပို့မယ်ဆိုရင်တော့ အခက်အခဲတွေရှိနိုင်တယ်ဆိုတဲ့အကြောင်းပေါ့နော်။ သူ့တို့ကတော့ မကြာခင်ပို့မယ်လို့ပြော တာပေါ့နော်။ သူတို့မြန်မာပြည်မှာ အချိန်တိုလေး လာလေ့လာတယ်။ လေ့လာပြီးတော့ ပြန်သွားပြီးတော့မှ အဲလိုဆုံးဖြတ်တာ။ အဲဒီမှာရောက်နေတဲ့ ချင်းလူမျိုးတွေ ချင်းပြည်နယ်ကို ပြန်မယ်ဆိုလို့ရှိရင် ရပြီဆိုပြီး ဆုံးဖြတ်တာပေါ့နော်။ အဲဒီမှာ အရမ်းကြီး အဆင်ပြေတာ မဟုတ်ဘဲနဲ့ ပို့မယ်ဆိုလို့ရှိရင် ဒုက္ခရောက်နိုင်တယ်ပေါ့နော်။ ” လို့ပြောပါတယ်။
လက်ရှိ ချင်းပြည်နယ်မြောက်ပိုင်းမှာ သေနတ်သံတိတ်နေပေမယ့် ချင်းပြည်နယ်တောင် ပိုင်း အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ၂၀၁၄ ခုနှစ်ကနေ ယနေ့အချိန်အထိ တိုက်ပွဲမကြာခဏ နေပြီး ဒေသခံထောင်ချီ ထွက်ပြေးနေတာ၊ သေဆုံးဒဏ်ရာရတာ၊ ညှဉ်ပန်းနှိပ်စက်ခံရတာ အစရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်တွင်းနေရပ်စွန်ခွာထွက်ပြေးသူ (IDP) ရာချီ ယာယီစခန်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်တာကြောင့် ချင်းပြည်နယ်ကို ‘အလုံးစုံငြိမ်းချမ်း တည်ငြိမ်နေတဲ့ အနေအထားရှိတယ်ဆိုတဲ့ UNHCR ရဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိဘူးလို့လည်း ထုတ်ပြန်ပါတယ်။
အိန္ဒိယနဲ့ မလေးရှားနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်အနေနဲ့ ရောက်ရှိခိုလှုံနေ သူ ၅၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းပါတီက ခန့်မှန်းထားတယ်။