Home
မြန်မာသတင်း
ယခင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံက ကြွေးကျန် ကျပ်သန်း ၁၇၀၀ ကျော် ပြန်ရပြီ
Aung Ko Latt
·
July 18, 2018
အရင် ဝန်ကြီးချုပ်ဟောင်း ဦးသာအေး ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံကနေ ပြန်အပ်ဖို့ ကျန်ရှိနေတဲ့ ငွေကျပ်သန်းပေါင်း ၁၇၂၇.၂၁၈၂၀၄ သန်းကို အားလုံး ပြန်လည်ရရှိပြီလို့ စစ်ကိုင်းတိုင်း  စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးကပြောပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ တိုင်းအစိုးရ ဒုတိယ ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံထားငွေ ကျပ်၇၀၁.၂၂၃ သန်းနဲ့ ပြန်လည်တောင်းခံ/လွှဲပြောင်းရန်ငွေ ကျပ်သန်း ၁၀၂၅.၉၉၅၂၀၄  စုစုပေါင်း ၁၇၂၇.၂၁၈၂၀၄ သန်းကို အရင်ဝန်ကြီးချုပ်ဟောင်း ဦးသာအေး ခေါင်းဆောင်တဲ့ တိုင်းအစိုးရက လက်ရှိအစိုးရကို မလွှဲပြောင်းဘဲနဲ့ ကျောက္ကာရေနံချက်လုပ်ငန်း စွမ်းအားဖွံ့ဖြိုးကုမ္ပဏီကို လွှဲပြောင်းခဲ့တာပါ။ အဲဒီထဲက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံထားငွေ ကျပ်၇၀၁.၂၂၃ သန်းကိုတော့ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ ရေအားလျှပ်စစ်လုပ်ငန်းအတွက် ၃၄၈.၉၇၆ သန်း၊ မုံရွာမြို့နယ်၊ သာစည်လမ်းဘေးယာမြေ ၆၂ ဧကကျော်ဝယ်ယူဖို့ အတွက် ၁၀၈.၂ သန်း၊ ကွန်ကရစ်ပန့်ကားဝယ်ယူဖို့အတွက် ၂၁၄.၀၄၇ သန်း၊ မုံရွာမြို့ သီဟထွန်းကုမ္ပဏီ အစု ရှယ်ယာ ၃၀၀ စုဝယ်ယူဖို့ အတွက် ကျပ်သန်း ၃၀ တို့ကို ရင်းနှီးမြှုပ်နှံသုံးစွဲထားတာပါ။ ပြန်လည်တောင်းခံ/လွှဲပြောင်းရန်ငွေ ၁၀၂၅.၉၉၅၂၀၄ ကျပ်သန်းကိုတော့ ဇေယျာ ပဒေသာဖောင်ဒေးရှင်းသို့ ၂၄၂ သန်း၊ တိုင်းထွေအုပ်ဌာနသို့ ၆.၅၂၈ သန်း၊ နိုင်ငံတော် ဘက်ဂျက်နဲ့ အခမဲ့ ဗလာစာအုပ်ထောက်ပံ့တဲ့လုပ်ငန်းမှ ဇေယျာပဒေသာဖောင်ဒေးရှင်း သို့ အမြတ်ငွေ လွှဲပြောင်းတာက ၁၄၃.၇၂၉ သန်းနဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေစုစာအုပ်ရှိ ဇွန်လ ၃၀ ရက်နေ့ထိ လက်ကျန်ငွေ ၆၃၃.၇၃၈၂၀၄ သန်းတို့ဖြစ်ပါတယ်။ စုစုပေါင်း ငွေသားအနေနဲ့ ၁၀၅၅.၉၉၅၂၀၄ သန်းတို့ရရှိပြီး တိုင်းအစိုးရအဖွဲ့ ဌာနငွေစာရင်းမှာ ရငွေအဖြစ်ပေးသွင်းထားပြီး ဖြစ်သလို အရင်က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေငွေစုစာအုပ်ကို လည်း အပြီးသတ် ပိတ်ထားပြီး ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေကို လည်း လွှဲပြောင်းရယူပြီးဖြစ်တယ်လို့ သိရပါတယ်။ တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက “ကျနော်တို့ အကုန်လုံးယူပြီးပါပြီ။ အကုန်လုံး ကျနော်တို့ လက်ဝယ်ရောက်ရှိပါပြီ။ ရင်းနှီးမြှုပ်နှံထားတာတွေလည်း လွှဲယူပြီးပါပြီ။ ရတာတွေအားလုံးကိုလည်း ငွေစာရင်းဌာနကို ထည့်သွင်းပြီးပါပြီ။ အားလုံးရှင်းအောင်ပြောရရင် ရင်းနှီးမြှုပ်နှံမှုကနေပြီးတော့ ပြန်လည်လက်ခံရ ယူရတာ ၇၀၁.၂၂၃ သန်းဖြစ်ပြီးတော့ ငွေသားပြန်လည်ရယူရတာကတော့ ၁၀၂၅.၉၉၅၂၀၄ ကျပ်သန်းဖြစ်တဲ့အတွက် စုစုပေါင်း ကျနော်တို့အစိုးရအနေနဲ့ ပြန်လည်လွှဲပြောင်းရယူရတာ ၁၇၂၇.၂၁၈၂၀၄ သန်း ဖြစ်ပါတယ်”လို့ ရှင်းလင်းတင်ပြခဲ့တာပါ။ ဒီငွေစာရင်းရှင်းတမ်းတွေက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထိ ရန်ပုံငွေ ရ/သုံးတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးကနေ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို စစ်ဆေးတင်ပြရန်လမ်းညွှန်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကနေတဆင့် တိုင်းစာရင်း စစ်ချုပ်ရုံးကို ထပ်ဆင့်ညွှန်ကြားကာ စစ်ဆေးအတည်ပြု အစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပါတယ်။ အရင်အစိုးရငွေစာရင်းကြွေးကျန်တွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းတင်မက ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့မှာလည်း များစွာရှိခဲ့ပြီး တော်တော်များများ ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။ ဒီငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီး အရင်ကတည်းက ထုတ်ဖော်မပြောရတာက အမျိုးသား ရင်ကြားစေ့ရေးကိုရှေးရှုပြီး ထုတ်ဖော်ခြင်းမရှိခဲ့တာလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒုတိယ ၁နှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်၊ ပြုပြင်ပြောင်းလဲတိုးတက်မှုတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်း၊ ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024