မောင်တောတွင် နယ်စပ်ခြံစည်းရိုး ကျော်တက်ဝင်ရောက်လာသူ ၂ ဦး ဖမ်းဆီးရမိ
DVB
·
July 17, 2018

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပေါင်းဇားချောင်းဝကင်းစခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ မှာ နယ်စပ်ခြံစည်းရိုး ကျော်တက်ဝင်ရောက်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။
ဇူလိုင် ၁၆ ရက်၊ ညနေ ၄ နာရီက ပေါင်းဇားကျေးရွာ နေ ဒီလူး(ခ) ဒိလ်မာမတ် (၅၅) နှစ်နဲ့ မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်(၃၅) နှစ်တို့ ၂ ဦးဟာ နတ်မြစ်ကို ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးအား ကျော်တက် ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
ကျော်တက်ဝင်ရောက်နေတာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိပေးဟန့်တားခဲ့ရာ ရပ်တန့်မှု မရှိဘဲ ခြံစည်းရိုးကို ဆက်လက်ကျော်တက်လို့ MA-11 မောင်းပြန်ရိုင်ဖယ် သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာမှာ ဒီလူး(ခ) ဒိလ်မာမတ် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့လို့ မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ လည်း ဆိုပါတယ်။
နယ်စပ်ခြံစည်းရိုးကို ကျော်ဝင်လာသူကို ပင်ဖြူနယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ လည်း အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- MOI