Home
မြန်မာသတင်း
သမိုင်းဝင်ကျိန်းတောင်တန်းတွင် ကျောက်ထုတ်ပါက ထိရောက်စွာ အရေးယူမည်
DVB
·
July 16, 2018
37167468_604951323194212_3996650395312062464_n
မင်းပြား ကျိန်းတောင်တန်းတလျှောက် ကျောက်ထုတ်လုပ်မှုတွေ ထပ်မံပြုလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ဒေသအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့က အထင်ကရ သမိုင်းဝင် ကျိန်းတောင်စေတီတည်ရှိရာ တောင်တန်းတလျှောက်မှာ သမိုင်းဝင်တောင်စွယ်တောင်တန်းတွေကို ဖြိုဖျက်ပြီး ကျောက်ထုတ်လုပ်နေတာ ရပ်ဆိုင်းပေးဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ အခုလို ကြေညာချက်တွေ ထုတ်ပြီးနောက် မလိုက်နာဘူးဆိုရင် ကျောက်တွေ-မြေသားတွေ ခိုးထုတ်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ မင်းပြားမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ကျော်သိန်းထွန်းက ပြောပါတယ်။ “ဒီထုတ်ပြန်ချက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေပါလာတယ်။ ဒီအထဲမှာဆက်စပ်တဲ့ ဥပဒေတွေ ပါလာတယ်။ လက်တလောအရေးယူမှုအပိုင်းကတော့ ဖြစ်တယ်ဆိုတာနဲ့ မလိုက်နာဘူး၊ ခိုးထုတ်ကြတယ်ဆိုတာနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ ပြည်သူ့ဝန်ထမ်းရဲ့ တရားဝင်ထုတ်ပြန်တဲ့အမိန့်ကို မလိုက်နာဘဲ ဖောက်ဖျက်ခဲ့ရင် ထောင် ၁ လ ငွေဒဏ်ချခံရမယ်၊ နောက်ပြီးတခုက ဥပဒေခွင့်ပြုချက်မရှိဘဲ မြေနဲ့ဓာတ်သတ္တုတွေကို ခိုးယူထုတ်လုပ်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေပါပါတယ်။ နောက်ပုဒ်မတခုကတော့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးပုဒ်မတွေ ဖြစ်ပါတယ်”လို့ပြောပါတယ်။ ဒီလိုသမိုင်းဝင် ကျိန်းတောင်တန်းတလျှောက် နည်းလမ်းမျိုးစုံနဲ့ လမ်းခင်းကျောက်တွေ၊ မြေသားတွေ၊ ဓာတ်သတ္တုတွေကို နည်းလမ်းမျိုးစုံနဲ့ နေရာတိုင်းမှာ တူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျိန်းတောင်တန်းတလျှောက်မှာ လမ်းခင်းကျောက် အလွန်အကျွံထုတ်ယူပြီး ရောင်းချနေလို့ ရေတံခွန်တွေ၊ တောတောင်တွေ ပျက်စီးလာနေတာတွေ ဒါကို အချိန်မီ ကာကွယ်ထိန်းသိမ်းမူ မပြုလုပ်ဘူးဆိုရင် သမိုင်းဝင်ကျိန်းတောင်ဟာလည်း အားလုံးပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။ မင်းပြားမြို့ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသိန်းဇံက ”မင်းပြားကျိန်းတောင်းတန်းမှာ သယံဇာတတွေကို ပျက်စီးနေတာက ကြာပြီ၊ ဝိသမဘောသားတွေကတော့ ဘိုဒူဇာတွေ ကားတွေနဲ့ ဖြိုထုပြီးတော့ ရောင်းချနေကြတယ်။ ဒါက စီးပွားရေးအဖြစ် ရောင်းချနေကြတာ။ ဒါကို မကာကွယ်နိုင်ဘူး၊ မတားစီးနိုင်ဘူးဆိုရင်တော့ ကျိန်းတောင် တန်းဟာ လုံးဝပျောက်ကွယ်သွားနိုင်တယ်။ အချိန်မီတားမြစ်ဖို့လိုပါတယ်” လို့ ပြောပါတယ်။ အခုလို ကျိန်းတောင်တန်းတလျှောက် ကျောက်ထုတ်လုပ်နေမှုကို စစ်အစိုးရလက်ထက် ၁၉၈၈ နောက်ပိုင်းမှာ တောင်စွယ်တောင်တန်းတွေကို ဖြိုဖျက်ပြီး လမ်းခင်းကျောက်တွေအား ဒေသခံ ကုမ္ပဏီတွေကို ရောင်းချခဲ့တယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ ဒီလို ကျောက်တွေတူးဖော်နေတာဟာ တရားဝင်လိုင်စင်ယူပြီး ထုတ်ယူနေတဲ့ ကုမ္ပဏီတွေလည်း ရှိသလို တရားမဝင်ကျောက်ထုတ်လုပ်နေသူတွေလည်း ရှိပါတယ်။ ဒီကျိန်းတောင်တန်းဟာ ၃ မိုင်လောက်ရှည်လျားပြီး အမြင့်ပေ ၄ဝဝ ကျော်ရှိပါတယ်။ ဒါ့အပြင် ဒီတောင်တန်းကို အမှီပြုပြီး တောင်ယာလုပ်ငန်းတွေနဲ့ အသက်မွေး လုပ်ကိုင်းစားနေကြသူတွေရှိသလို ကျေးငှက်တိရစ္ဆာန်တွေ လည်းကျက်စားနေထိုင်ကြတဲ့ တောင်တန်းလည်းဖြစ်ပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024