၂၁ ရာစုပင်လုံ ကျင်းပနေစဉ် ကေအန်ယူတပ်မဟာ ၅ တွင် တိုက်ပွဲဖြစ်
နော်နိုရင်း
·
July 16, 2018

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပနေစဉ် အတွင်း ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေမှာ ဇူလိုင် ၁၂ ရက်နေ့က အစိုးရတပ်မတော်နဲ့ ကေအန်ယူ အဖွဲ့တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ ကေအန်ယူ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူ အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်သားတဦးက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ မနက် ၉ ကျော်မှာ မြန်မာ့တပ်မတော်ဘက်က သတ်မှတ်နယ်မြေ ကျော်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားရတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ပြီးခဲ့တဲ့ မတ်လက ခေးပူနဲ့ လယ်မူပလောကြား ကားလမ်းဖောက်တဲ့ နေရာဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလိုလည်း ပြောပါတယ်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့ ပြီးခဲ့တဲ့ မတ်ဆန်းကစပြီး အစိုးရတပ်က စစ်အင်အားတိုးချဲ့ ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှု တွေ ဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်လို့ အစိုးရ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။