မလေး မူးယစ်ဆေးဝါးမှု တရားခံပြေး မမိသေး၍ ဇူလိုင် ၂၆ ရက်နေ့ ထပ်မံချိန်းဆို
စိုးမိုးအောင်
·
July 13, 2018

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲထားသူ ၃ ဦးကို ရုံးထုတ်ခဲ့ပေမယ့် တရားခံပြေးတွေ မမိသေးတာကြောင့် အမှုကို ဇူလိုင် ၂၆ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
မူးယစ်ဆေးဝါးမှုမှာ အဓိကပါဝင်ပတ်သက်တယ်လို့ ယူဆပြီး ဖမ်းဆီးထားတဲ့ ဦးမောင်မောင် (ခ) ဟာဂျီယာဆင်း၊ ဇေယျာ(ခ)ဇေယျာဟိန်းနဲ့ ဦးမင်းနိုင်တို့ကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။
အဒီအမှုကို တွဲဖက်ခရိုင်တရားသူကြီး (၁) ဒေါ်မိုးမိုးအေးက စစ်ဆေးခဲ့ပြီး ထွက်ပြေးတဲ့ တရားခံတွေကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် လောလောဆယ် အမှုကို မစစ်ဆေးနိုင်သေးကြောင်း၊ နောက်တပတ် ရုံးချိန်းကို ဇူလိုင် ၂၆ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး နောက်ထပ်ရုံးချိန်းတွေကိုလည်း အဂါင်္နေ့တိုင်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က လက်ဖက်ခြောက်အိတ်တွေထဲမှာ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ဒေါ်လာ ၁၈ သန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး မလေးနိုင်ငံသား ၃ ဦးနဲ့ မြန်မာ ၃ ဦးကို ဖမ်းမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းကနေ ကွန်တိန်နာနဲ့ တင်ပို့လိုက်တယ်ဆိုပြီး မလေးရှားနိုင်ငံက ထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံဘက်ကနေ ဇွန် ၂ ရက်နေ့မှာ ဦးမင်းနိုင်ကို စတင်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဦးမောင်မောင် (ခ) ဟာဂျီယာဆင်းနဲ့ ဦးဇေယျာ (ခ) ဦးဇေယျာဟိန်းတို့ကို ဆက်လက် ဖမ်းဆီးလိုက်တာပါ။
လက်ရှိမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ၃ ဦးရှိနေပြီး ထွက်ပြေးတိမ်းရှောင်သူ ၂ ဦးရှိနေတာကြောင့် အမှုကို ပြန်လည်ချိန်းဆိုလိုက်တာလို့ တရားခံရှေ့နေက ပြောပါတယ်။