ချောက်မြို့မဈေး အဆောင်ပြင်ဆင်မှု ဝန်ကြီး ညှိနှိုင်းပေးသော်လည်း ပြေလည်မှုမရ
DVB
·
July 13, 2018

မကွေးတိုင်းဒေသကြီး ချောက်မြို့မ ဈေးအတွင်း စဥ့်ကူတန်းအဆောင် ပြင်ဆင်နေမှုအား ဈေးသည်အချို့ မကျေနပ်ကြလို့ မနေ့က စီမံကိန်း၊ ဘဏ္ဍရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဝန်ကြီး ဦးဇော်မင်း လာရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။
“ကျနော်တို့ (က-၅) တန်းကို ရှေ့က စဥ့်ကူတန်းက ကျောပေးခြင်းကိုခံနေရပါတယ်။ အခုစဥ့်ကူတန်း ပြင်ဆင်ဆောက်ချိန်မှာ စည်ပင်ရုံးကိုသွားပြီး ပြင်ဆင်တုန်းမှာ မျက်နှာချင်းဆိုင် (ပြင်ဆင်သည့် စဥ့်ကူတန်း နှစ်တန်းအား ကျောခြင်းကပ်လျက်) ဆောက်လုပ်ပေးဖို့ တင်ပြခဲ့ပါတယ်။ ဒါကလည်း ကျနော်တို့ (က-၅) အတန်းတခုတည်း ကောင်းစားရေး မဟုတ်ပါဘူး၊ အတန်း လေးတန်းလုံး ကောင်းစားရေးအတွက် တင်ပြရတာပါ။ ဒါပေမယ့် စည်ပင်ရုံးက ပုံစံမပြောင်းဘဲ ယခင်အတိုင်း ဆောက်လုပ်နေလို့ ကျေနပ်မှုမရှိလို့ မကွေးဝန်ကြီးဆီအထိ သွားရောက်တင်ပြခဲ့လို့ ဝန်ကြီးကိုယ်တိုင် ချောက်မြို့ ကွင်းဆင်းလေ့လာပြီး စည်ပင်ရုံးမှာ အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ နဂိုပုံစံအတိုင်းပဲ ဆုံးဖြတ်ချက်ချသွားလို့ အားရ ကျေနပ်မှု မရှိပါဘူး” လို့ (က-၅) ဆိုင်အမှတ်(၁၃) မှ ဈေးသည်ဖြစ်သူ ဦးမျိုးသက်က ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက “ဒီအတန်း နှစ်တန်းကတော့ လက်ရှိ ကျောခြင်းကပ်ခြင်းအားဖြင့် သူတို့ငွေလည်း ကုန်တာမဟုတ်ဘူး၊ စည်ပင်ဘတ်ချက်ငွေနဲ့ပြင်တာ၊ စည်ပင်က ပြင်နေတဲ့အချိန်မှာ အတန်းလေးတန်းလုံး အကျိုးရှိမယ့်ကိစ္စကို ဦးဆောင်တင်ပြသော်လည်း ဘယ်လိုအကြောင်းအရာ တွေကြောင့်လည်း တွေးမရဘူး၊ ဒီအတိုင်းပဲ။ စည်ပင်ဝန်ကြီးလာတဲ့အခါမှာလည်း စည်ပင်ကော်မတီတင်ပြတဲ့၊ ဈေးကော်မတီကလည်း ဒီအတန်း လေးတန်းလုံး အကျိုးရှိမယ်ကိစ္စကို ဦးမတည်ဘဲ အတန်းနှစ်တန်းပဲ အကျိုးရှိမယ့်ကိစ္စကို ဦးတည်သွားသလဲဆိုတာတော့ မတွေးတတ်အောင် ဖြစ်မိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အနှစ် ၂ဝ အချိန်က အခုပြုပြင်နေတဲ့ စဥ့်ကူတန်းဟာ ကျောခြင်းကပ်အနေအထား ရှိခဲ့ရာမှ ဈေးအနီး မီးလောင်မှုအကြောင်းပြု၍ မီးသတ်ကား ဝင်နိုင်ဖို့ အဆောင်ကို ဘယ်ညာခွဲတည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
ချောက်မြို့မဈေးအတွင်း (က-၄) အဆောင်နဲ့ (က-၅) ပင်မ အဆောင်ကြားရှိ စဥ့်ကူတန်း အဆောင်အား ပြန်လည်ပြင်ဆင်ရာမှာ ကျောခြင်းကပ် အနေအထား အဖြစ်ပြန်လည်ထားရှိစေချင်ကြောင်း ဈေးသည်တွေက ပြောပါတယ်။
အခုလက်ရှိ အဆောင်ပြင်ဆင်ပုံဟာ ဆိုင်ကျောပေးထားပြီး လူအဝင်အထွက်နဲ့ လမ်းသွားလမ်းလာ ကျဉ်းမြောင်းပြီး အလင်းရောင် အားနည်းခြင်းတို့ကြောင့် ကန့်ကွက်တာလို့ ဆိုပါတယ်။
ဝန်ကြီးက ဈေးအတွင်း လိုက်လံကြည့်ရှုပြီး ချောက်မြို့စည်ပင်သာယာဌာန အစည်းဝေးခန်းဆောင်မှာ ဈေးသည်တွေနဲ့တွေ့ဆုံပြီး ညှိနှိုင်းတွက်ချက်ဖြေရှင်းမှုတွေ ဆောင်ရွက်ပေးခဲ့ပေမယ့် ဈေးသည်တွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။
လမ်းနဲ့ မလွတ်တဲ့ ဓာတ်တိုင်တွေဖယ်ရှားဖို့၊ ပြုပြင်နေတဲ့ ဆိုင်တန်းအလယ်လမ်းအား ၁ ပေခွဲအတွင်းတိုးဖို့နဲ့ သစ်သားခင်း မြောင်းဖုံးတွေကို သတ်သတ်ရပ်ရပ်ပြင်ဆင်ပါက လမ်းသွားလမ်းလာ အဆင်ပြေသွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့တယ်လို့ ချောက်မြိုနယ် စည်ပင်သာယာ ကော်မတီမှ လူမှုစီးပွားကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးလှမင်းက ပြောပါတယ်။
ကိုလင်း(ချောက်)