ရခိုင်အမျိုးသားပါတီပြောဆိုချက် နိုင်ငံရေးပါတီအစုအဖွဲ့၏ သဘောထားမဟုတ်ဟု ထုတ်ပြန်
နေဖြိုးဝင်း
·
July 12, 2018

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ သဘောထားမဟုတ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့က သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် ၁၁ရက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့မှ ဒေါ်အေးနုစိန်က မိန့်ခွန်းပြောကြားခဲ့တာပါ။
ဒေါ်အေးနုစိန်ပြောကြားခဲ့တဲ့စကားတွေဟာ သက်ဆိုင်ရာပါတီရဲ့ သဘောထားပဲ ဖြစ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ် စိုင်းကျော်ညွှန့်က မနေ့ညနေက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းမှာ ပြောပါတယ်။
“ဖွင့်ပွဲအမိန့်အမှာစကားပြောတဲ့အချိန်မှာ ကျနော်တို့နိုင်ငံရေးပါတီအစု အဖွဲ့ကနေပြီးတော့ အေအန်ပီ - ရခိုင်အမျိုးသားပါတီရဲ့ ဒု-ဥက္ကဋ္ဌပေါ့လေ ဒါသူတို့ပါတီရဲ့ သဘော ထားကို ညီလာခံ အဖွင့်အမှာစကားမှာ ပြောကြားသွားတာတွေရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့ ကြားထဲမှာ ရော၊ တခြားအစိုးရအစုအဖွဲ့ရော၊ တခြားအဖွဲ့တွေထဲမှာရော၊ ဒါက နိုင်ငံရေးပါတီအစုအဖွဲ့တခုလုံးရဲ့ သဘောထားလား၊ ဘာလားဆိုပြီးတော့ မေးမြန်းတာတွေရှိတော့ ကျနော်တို့အနေနဲ့လည်း သေသေချာချာရှင်းလင်းဖို့လိုတယ်ပေါ့။ အဲတော့ ဒီရခိုင်အမျိုးသားပါတီကပြောတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ရခိုင်ကိစ္စတွေ၊ အခြားအခြား သောကိစ္စတွေပါတယ်ပေါ့လေ။ ပါတယ်ဆိုတော့ သူတို့ရဲ့ သဘောထားက နိုင်ငံရေးပါတီအစု အဖွဲ့တခုလုံးရဲ့သဘောထား မဟုတ်ပါဘူး။”
ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေမှာ မိန့်ခွန်းပြောဖို့အတွက် ရွေးကောက်ပွဲအနိုင်ရရှိမှု တန်းစီဇယားအရ ပထမအစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ ခုတတိယအစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီကပြောဖို့ အလှည့်ကျ စီစဉ်ထားတာလို့ လည်းသိရပါတယ်။
မနေ့ကစတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်အခမ်းအနားမှာတော့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ကျမတို့ ရခိုင်ပြည်သူတွေဟာ ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲပြီး လွတ်လပ်ရေးအတွက် ဗြိတိသျှနယ်ချဲ့၊ ဂျပန်ဖက်ဆစ်တွေကို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရလာခဲ့ပေမယ့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ တစ်ပြည်ထောင်စနစ်အောက်မှာ ရခိုင်လူမျိုး တွေဟာ ပြည်နယ်အဆင့်ကိုတောင် မခံစားရတဲ့ဘဝကို ရောက်ရှိသွားခဲ့ကြရပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအု ပ်ချုပ်ပုံအခြေခံဥပဒေအောက်မှာ ရခိုင် ပြည်နယ်လို့ ပေါ်ထွက်လာခဲ့ပေမယ့် ရခိုင်ပြည်သူတွေရဲ့ ယဉ်ကျေးမှု၊ လူမှုစီးပွားဘဝဟာ ထူးခြားမလာခဲ့ပါဘူး။ လယ်ယာမြေ စီးပွားရေး ပျက်သုဉ်းခဲ့ရပြီး သယံဇာတပေါကြွယ်ဝတဲ့ ပင်လယ်နဲ့၊ ရိုးမရှိတဲ့၊ ဂန္ထဝင်ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲကို ထိုးဆင်းသွားခဲ့ကြရပါတယ်။”လို့ ပြောသွားပါတယ်။
ဒါ့အပြင် ပြည်နယ်တွေနဲ့ ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှုမညီမျှမှု ပြည်နယ်မှာ ဆင်းရဲမှုနဲ့ စစ်ဘေးစစ်ဒဏ်တွေကို ခံစားနေကြရတယ်လို့လည်း ဒေါ်အေးနုစိန်က ပြောကြားသွားပါတယ်။
“ပြည်နယ်များနှင့် ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှုမညီမျှတာ၊ ဗဟို ချုပ်ကိုင်မှုတင်းကျပ်တာ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့် ဗမာနဲ့ အခြား တိုင်းရင်းသားများ အကြား ယုံကြည်မှု အားနည်းချက်ဖြစ်လာရတယ်လို့ ကျမပြောချင်ပါတယ်။ မြန်မာ့နွေဦးလို့ ဂုဏ်ယူရမယ့် အချိန်မှာ ပြည်နယ်တွေဟာ ဆင်းရဲခြင်းအနိဋ္ဌာရုံတွေကတမျိုး၊ တချို့နေရာတွေမှာဆိုရင် ဆိုးရွားကြီးမားတဲ့ စစ်ဘေးဒဏ်တွေကို ခံစားနေရတာဟာ အလွန်တရာအကျည်းတန် အရုပ်ဆိုး လွန်းနေပါတယ်။ အာရှနိုင်ငံတွေမှာ နည်းပညာဖွံ့ဖြိုးမှု၊ အတွေးအမြင်ဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ မိမိနိုင်ငံပုံရိပ်ကို အကောင်းဆုံး ပုံဖော်နေကြချိန်မှာ ကျမတို့ကတော့ နာတာရှည် လက်နက်ကိုင်ပဋိပက္ခမီးလျှံထဲက ရုန်းမထွက် နိုင်ဘဲ ညီနောင်အချင်းချင်း စစ်ခင်းနေရတာဟာ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ တိုင်းရင်းသား အင်အားစုတွေကို သဘောထားကျဉ်းမြောင်း သူတွေ၊ အစွန်းရောက်သူတွေလို့ မမှတ်ယူသင့်ပါဘူး။ အင်အားကြီးတဲ့ အင်အား စုတွေ အထူးသဖြင့် ဗမာပါတီကြီးတွေ အပါအဝင် ခိုင်မာစွာတည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ သဘောထားကြီးမှုကို ကျမတို့ မျှော်လင့်ချင်ပါတယ်။”
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း အနောက်ဒီမိုကရေစီအင်အားကြီးနိုင်ငံတွေက နည်းမျိုးစုံနဲ့ ဖိအားပေးပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ လုပ်ရပ်တွေ လုပ်လာနေကြတယ်လို့ ပြောသွားပါတယ်။
“ကျမတို့ရဲ့ ထွန်းသစ်စဒီမိုကရေစီနဲ့ နိုင်ငံအချုပ်အခြာအာဏာကို အဓိကခြိမ်းခြောက် နေတဲ့ စိန်ခေါ်မှုတွေထဲမှာ ရခိုင်အရေးလို့ သိနေ၊ ပြောနေကြတဲ့ ဘင်္ဂလီမူဆလင် ပြဿနာ ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ သူတို့လှုပ်ရှားမှုဟာ အစပိုင်းမှာ လူ့အခွင့်အရေးကို အရေခြုံကြွေးကြော်ပြီး တိုင်းရင်းသားလူမျိုးသစ်အမည်တခု ပေါ်ထွန်းလာဖို့ လှုပ်ရှားမှုကနေ နောက်ဆုံးမှာ နယ်လုမြေလုစစ်ပွဲဆင်နွှဲတဲ့ အကြမ်းဖက်ဝါဒလမ်းစဉ်ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းအရေးကို နိုင်ငံတကာအရေးဖြစ်လာအောင် ဒီဇိုင်းဆင် ပုံဖော်ခဲ့ကြပါတယ်။ အနောက်ဒီမိုကရေစီအင်အားကြီးနိုင်ငံတချို့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့နဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေဟာလည်း နည်းမျိုးစုံနဲ့ ဖိအားပေးပြီးတော့ အချုပ်အခြာအာဏာကို ထိပါးတဲ့ လုပ်ရပ်တွေ လုပ်လာကြပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက် တွေနဲ့ နိုင်ငံတကာ ပြဿနာကြီးတစ်ခုဖြစ်အောင် ဖန်တီးနေခဲ့ကြပါတယ်။”
နိုင်ငံတကာက ဖိအားပေး အဖြေရှာခိုင်းမှုတွေကိုလည်း အလျှော့ မပေးမိဖို့၊ ဘင်္ဂလီအရေးကိစ္စမှာ ရခိုင်နဲ့ ရခိုင် နွယ်ဖွား တိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့၊ ဘင်္ဂလီအရေးဟာ အလွန်ရှုပ်ထွေးသွားပြီဖြစ်လို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘောထားတွေတစ်သားတည်းရှိဖို့နဲ့ အထူးသဖြင့် ရခိုင်အရေးလို့ ပြောနေကြတဲ့ကိစ္စမှာ ရခိုင်လူမျိုးတွေရဲ့အသံကို ဂရုစိုက်နား ထောင်ဖို့နဲ့ ရခိုင်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို မပစ်ပယ်ဖို့လည်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က တိုက်တွန်း ပြောသွားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကတော့ ဒေါ်အေးနုစိန်ရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ သဘောထားမဟုတ်သလို နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ သက်ဆိုင်ရာပါတီရဲ့ သဘာထားကိုသာ ပြောကြားခြင်းဖြစ်တယ်လို့ ဇူလိုင် ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီပြောကြားချက်တွေဟာ လက်ရှိကြိုပမ်းဆောင်ရွက်နေတဲ့ သပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- The Mirror