ရန်ကုန်ဆေးရုံကြီးတွင် စည်းကမ်းမဲ့ဈေးသည်များကို စာရင်းကောက်ယူနေ
အာကာ
·
July 10, 2018

ရန်ကုန်ဆေးရုံကြီးမှာ ရောင်းချနေတဲ့ စည်းကမ်းမဲ့ဈေးသည်တွေကို စာရင်းကောက်ယူနေပြီး မကြာမီ တင်ဒါအသစ် ပြန်ခေါ်သွားမယ်လို့ ရန်ကုန်ဆေးရုံကြီး၊ တာဝန်ခံဆရာဝန်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ကြီးက ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီး ဧရိယာဝန်းကျင်မှာ စည်းကမ်းမဲဈေးသည်တွေကို ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စာရင်းကောက်ယူနေတာပါ။
ရန်ကုန်ဆေးရုံကြီး တာဝန်ခံဆရာဝန် ဦးခင်မောင်ကြီးက “ထူးခြားမှုအနေနဲ့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကော်မတီက ဒီကိစ္စကို တိုင်းလွှတ်တော်နဲ့ အစိုးရကို တင်ပါမယ်။ နောက်တချက်အနေနဲ့ ကတော့ မနေ့က ဈေးသည်ကို စာရင်းကောက်ယူပါတယ်။ ပြီးတော့ ကျနော်တို့ တင်ဒါပေးထားတဲ့ ဈေးဆိုင်တွေကိုလည်း တင်ဒါအသစ်ပြန်ခေါ်ပါမယ်”လို့ ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးဝန်းထဲမှာ ဈေးဆိုင်ပေါင်း ၇၀ လောက်ကို ရောင်းချခွင့်ပြုထားပြီး စည်းကမ်းမဲ့ကျူးကျော် ဈေးသည်တွေအပါအဝင် ဆိုင်ခန်း ၁၀၀ ကျော် ရှိတယ်လို့  သိရပါတယ်။