ဗိုလ်ချုပ်ရုပ်တုထားရှိရေး ညှိနှိုင်းဖြေရှင်းရန် ကယားပြည်နယ်အစိုးရကို ညွှန်ကြားထား
နေဖြိုးဝင်း
·
July 5, 2018
ဗိုလ်ချုပ်ရုပ်တုထားရှိရေး ညှိနှိုင်းဖြေရှင်းဖို့ ကယားပြည်နယ်အစိုးရကို ညွှန်ကြားထား တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားရှိဖို့နဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်ခဲ့တာမှာ အင်အားသုံးဖြိုခွင်းမှု ဖြစ်ခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ကိုဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ ညွန်ကြားထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၅ ရက်နေ့က မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
“ကယားဝန်ကြီးချုပ်ကို ဆက်သွယ်ပြီးပြောထားတယ်။ ဘာလည်းဆို အဓိကပြဿနာက လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရဘက်က ရပ်တည်တယ်။ သို့သော် အများ ပြည်သူအမြင်မှာတော့ ရဲနဲ့ ဆန္ဒပြတဲ့သူဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ ဖြိုခွင်းတာတွေ ဖြစ်တယ်ဆိုတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး။ အဲတော့ နံပါတ်တစ်ကတော့ ဒါတွေကို ပြေပြေလည်လည်ညှိနှိုင်းပြီး ဆောင်ရွက်ဖို့၊ နံပါတ် နှစ်အချက်က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တာ လူတိုင်းရဲ့ အခွင့်အရေးပေါ့။ သို့သော် အဲအခွင့်အရေးမှာ လိုက်နာရမယ့် တာဝန်ရှိတယ်။ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆန္ဒပြသူတွေဘက်က တင်ပြဆောင်ရွက်ပေါ့။ အသိပေး အကြောင်း ကြားပြီး ဆောင်ရွက်ဖို့လည်း လိုတယ်။ သို့သော် တကယ်တမ်းဖြစ်လာတော့ တဖက်နဲ့ တစ်ဖက် နားလည်မှု၊ ကြိုတင်ညှိနှိုင်း၊ ဆက်လက်ပြီးလည်း ညှိနှိုင်းဆောင်ရွက်ဖို့ ကယားပြည်နယ်အစိုးရ ကို ပြောထားပါတယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။
သမ္မတရုံး၊ အတိုင်ပင်ခံရုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွေကနေပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကို ဗိုလ်ချုပ်ကြေးရုပ်တွေ မဖြစ်မနေ စိုက်ထူရမယ်ဆိုတာ ညွှန်ကြားချက်ထုတ်ထားတာမရှိသလို ဒါဟာ ပေါ်လစီလည်း မဟုတ်ဘူးလို့လည်း ပြောပါတယ်။
အခုလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေ စိုက်ထူဖို့ ပါတီကလည်း ညွန်ကြားထားတာ မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း မီဒီယာတွေမှာ ဖြေဆိုထားပါတယ်။