ဒေါပုံတံတားသစ် ဇွန်လ ၁၀ရက်နေ့ ယာယီဖွင့်လှစ်မည်
DVB
·
June 7, 2018

သာကေတ၊ဒေါပုံတံတားသစ်ကို လာမယ့် ဇွန်လ ၁၀ ရက် မနက် ၇ နာရီက စတင်ပြီး ယာယီဖွင့်လှစ်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနက အများပြည်သူတွေကို အသိပေးကြေညာထားပါတယ်။
ဒေါပုံတံတားသစ်တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်လို့ ချဉ်းကပ်လမ်းပိုင်းနဲ့ ဆက်သွယ်တဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ရှိတဲ့အတွက် တံတားသစ်ရဲ့ ယာဉ်သွားလမ်း ၄လမ်းထဲကမှ မော်တော်ယာဉ်တွေ သွားလာနိုင်မယ့် လမ်းညွန်ဓာတ်ပုံကို လည်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ တံတားသစ်ကို ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုအစီအစဉ်အရ ဂျပန်နိုင်ငံ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့ ပူးပေါင်းတည်ဆောက်နေတာပါ။
တံတားရဲ့ယာဉ်ခံနိုင်ဝန်အားက ၄၅ တန်မှ တန် ၆ဝ အထိ ဖြတ်သန်းနိုင်မှာဖြစ်ပြီး တံတားတည်ဆောက်မှု ကုန်ကျစရိတ်က ဂျပန်ယန်း သန်း ၃၃၆ဝ ခန့်ရှိမယ်ခန့်မှန်းထားပါတယ်။
၁၉၆၇ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ နှစ်ပေါင်း ၅၀ သက်တမ်းရှိ သာကေတ တံတားဟောင်းဟာ ခံနိုင်ရည်ကျဆင်းလာလို့ တံတားသစ်ကို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် ဧပြီလက စတင်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောက်ရွက်ခဲ့တာပါ။
ဓာတ်ပုံ-MOI