တယ်လီနော တာဝါတိုင်မှ ဘက်ထရီအိုး ၂၄ လုံး ခိုးယူသူများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် လိပ်တက်ရွာအနီး သဲတော-ရွှဲသီးလမ်းဘေးရှိ တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်မှ ဘက်ထရီအိုး ၂၄ လုံးအား အိမ်စီးကားငယ် ၂ စီးနဲ့ လာခိုးသူတွေကို မေ ၃၁ ရက်ညနေက ဖမ်းမိတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မ ရဲစခန်း ဒုရဲအုပ်ဝင်းဇေယျာဦးက "မြို့နယ်ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းတာပါ။ ဧရာဝတီဂရင်းတာဝါကုမ္ပဏီရဲ့ တာဝါတိုင်မှာ တယ်လီနောက ငှားသုံးရတာပါ။ တာဝါတိုင်မှာ AGISSON စာတန်းပါတဲ့ ဘက်ထရီ ၄၈ လုံး တပ်ဆင်ထားတာကို လူငယ် ၄ ဦး အိမ်စီးကား ၂ စီးနဲ့လာပြီး ဘက်ထရီ ၂၄လုံးဖြုတ်ခိုးတာ ဖမ်းမိတာပါ" လို့ ပြောပါတယ်။ ယာဉ်ထိန်းရဲတပ်ကြပ် ကျော်ဝင်းလွင်က "တာဝါတိုင်တွေကို လကုန်ရက် စက်သုံးဆီ လိုက်ဖြည့်တဲ့သူက ကား ၂ စီးနဲ့ ဘက်ထရီတွေ ခိုးသွားတယ်၊ ကားနံပါတ်ပြောပြတယ်၊ တားပြီးဖမ်းပေးပါဆိုပြီး ဖုန်းဆက်လာတယ်။ မြို့မစခန်းက ရဲတွေရယ်၊ ရွှေတောင်ရွာရဲစခန်းက ရဲတွေနဲ့ အဲဒီကား ၂ စီးနောက်လိုက်တယ်။ ကူမဲရောက်တော့မှ ဖမ်းမိတယ်" လို့ ပြောပါတယ်။ ဧရာဝတီဂရင်းတာဝါကုမ္ပဏီမှ အင်ဂျင်နီယာ ဦးရာဇာမင်းက "တာဝါတိုင်က ဘက်ထရီဖြုတ်တာ သိပ်အန္တရာယ်ကြီးပါတယ်၊ ကျွမ်းကျင်မှဖြစ်မယ်။ ဆက်ကြောင်း ပြတ်တောက်တာ ချက်ချင်းမသိအောင် ဝါယာတွေ ပြန်ဆက်ပေးရတာ။ မှားသွားရင် အသက်ဆုံးရှုံးနိုင်တယ်၊ ဘက်ထရီတလုံးကို ၆ သိန်းခွဲတန်ပါတယ်။ ၂၄ လုံးဆိုတော့ ၁၅၆ သိန်းတန်တာပေါ့" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်တခုလုံးမှာ ဧရာဝတီဂရင်းတာဝါကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင် ၂၄ တိုင် ရှိပါတယ်။ ဘက်ထရီ ခိုးယူသူ သီဟအောင်၊ ‎သက်ဇော်အောင်၊ ကျော်သူရ၊ မြတ်မင်းသူ‎တို့ ၄ ဦးကို ဝမ်းတွင်းမြို့မရဲစခန်းမှာ ခိုးမှု၊ ‎အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up