အန်အယ်လ်ဒီ ပြည်လုံးကျွတ် ညီလာခံများ ကျင်းပမည်
ပီတာအောင်
·
June 28, 2012

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဟာ ပါတီစတည်ထောင်စဉ် ကတည်းက တခါမှ ကျင်းပခွင့်မရခဲ့တဲ့ ပြည်လုံးကျွတ် ညီလာခံတွေကို ကျင်းပဖို့ ပြင်ဆင်နေပြီး ဇူလိုင်လမှာ ရပ်/ကျေးအဆင့် ညီလာခံတွေ စတင်ကျင်းပနိုင်တော့မယ်လို့ ပါတီ ညီလာခံကျင်းပရေး ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
မန္တလေးတိုင်းမှာတော့ လာမယ့် ဇူလိုင်လယ်လောက်မှာ ရပ်ကျေးညီလာခံတွေ စတင် ကျင်းပနိုင်တော့မှာဖြစ်ပြီး ဒီညီလာခံတွေကနေ အဆင့်ဆင့် ပါတီ ခေါင်းဆောင်တွေကို ဒီမိုကရေစီ နည်းကျ ရွေးချယ်သွားမယ့်အကြောင်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကားရေးနဲ့ ဒီမိုကရေစီ အခြေခံ အုပ်မြစ် ချနိုင်အောင်ရွယ်ပြီး ညီလာခံ ကျင်းပတာဖြစ်တယ်လို့ မန္တလေးတိုင်း ညီလာခံ ကျင်းပရေးကော်မရှင်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် က ပြောပါတယ်။
ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့မြို့နယ် အသီးသီးမှာ ပါတီ ညီလာခံတွေ ကျင်းပရေးအတွက် ညီလာခံကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းဆောင်ရွက်နေပေမယ့် တချို့နေရာတွေမှာ ပါတီဝင်တွေကို ပါတီဝင်ကတ်ပြား ထုတ်မပေးရသေးတဲ့အတွက် ညီလာခံ အချိန်မီကျင်းပနိုင်ရေး အခက်အခဲ ရှိသေးတယ်လို့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
“အဖွဲ့ဝင်အားလုံးကို ကတ်ပြားမထုတ်ပေးရသေးတော့၊ အန်တီတို့က နံပါတ်ပါမှ အရွေးချယ်ခံပိုင်ခွင့်ရှိတာလေ။ အဲတော့ နည်းနည်းအလျဉ်မီချင်မှ မီမယ်။ ရန်ကုန်ကတော့ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းတယ်။ တိုင်းနဲ့ပြည်နယ်မှာကျတော့ ရွာတွေက နည်းနည်းဝေးတော့ သတ်မှတ်ချိန် ၁လအတွင်းမှာ ရပ်/ကျေးဆိုလည်း ကျေးရွာအုပ်စုတွေ ပြီးနိုင်ဖို့က သိပ်မလွယ်ဘူး။”
အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ကတော့ ပါတီရဲ့ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းမှာ တခါမှ ကျင်းပခွင့်မရတဲ့အတွက် ခုလို ညီလာခံတွေ ကျင်းပခွင့်ရရေးဟာ အန်အယ်လ်ဒီ ပါတီအတွက်တော့ အရမ်းကို အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ ပြောပါတယ်။
ပါတီဗဟိုအနေနဲ့ ဇူလိုင်လမှာ ရပ်/ကျေးအဆင့်ညီလာခံတွေစဖို့နဲ့ အဲဒီနောက် ခရိုင်နဲ့မြို့နယ် အပါအ၀င် ပြည်နယ်နဲ့တိုင်းတွေမှာ ညီလာခံတွေကျင်းပမှာဖြစ်ပြီး နောက်ဆုံး အနေနဲ့  ၂၀၁၂ ဒီဇင်ဘာလ မကုန်ခင်မှာ ဗဟိုအဆင့် ညီလာခံ အပြီးသတ် ကျင်းပဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
