Homeမြန်မာသတင်း
ရွှေတောင်တော်ဘုရားကုန်းတွင် တရားမဝင်မြေတူးနေသည့်ကုမ္ပဏီကို အရေးယူပေးရန် တောင်းဆို
ရွှေတောင်တော်ဘုရားကုန်းတွင် တရားမဝင်မြေတူးနေသည့်ကုမ္ပဏီကို အရေးယူပေးရန် တောင်းဆို
DVB
·
May 27, 2018

မန္တလေး တံတားဦးမြို့နယ် ရွှေတောင်တော်ဘုရားကုန်းမှာ တရားမဝင်မြေတူးနေတဲ့ ခိုင်လုံးကြိုင် ကုမ္ပဏီကို သက်ဆိုင်ရာဌာနတွေက ဥပဒေနဲ့အညီ အရေးယူပေးဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက တောင်းဆိုလိုက်ပါတယ်။
“ခိုင်လုံးကြိုင်ကုမ္ပဏီက လုပ်ပိုင်ခွင့်လည်းမရှိ၊ ခွင့်ပြုမိန့်လည်း မရှိတာကြောင့် ကျနော်အနေနဲ့ သုံးကြိမ်အထိ အထက်အဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့် ဆက်လက်ပြီး မြေတူးနေကြတယ်။ ဒီနေ့ ဒီအချိန်ထိ အရေးယူဆောင်ရွက်တာမျိုး မရှိသေးဘူး။ အဲဒါကြောင့် အခုတံတားဦး ရွှေတောင်တော် ဘုရားကုန်းကို တရားမဝင်လာပြီး စက်ကြီးတွေနဲ့တညကို ကားအစီး ၁၀၀ နီးပါး သယ်ယူနေတာကို သက်ဆိုင်ဌာနတွေက အရေးယူဆောင်ရွက်ပေးဖို့ လိုတယ်။ အပြည်ပြည် ဆိုင်ရာ တံတားဦးလေယာဉ်ကွင်းကို ပေးပို့နေတဲ့ အဓိက ဓာတ်အားလိုင်းတွေဆိုရင် အရမ်းကို အန္တရာယ်များနေပြီလေ။ အခုမြင်ရတဲ့အတိုင်းပါပဲ။ တူးဖော်နေတဲ့စက်တွေက ဓာတ်အားလိုင်း အခြေအထိ တူးယူထားကြတယ်။ မိုးတွေလေတွေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်လာရင် လေယာဉ်ကွင်းကို ထိခိုက်နိုင်တယ်” လို့ သဲမောင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်သန်းက ပြောပါတယ်။
တံတားဦမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေးက “ဘုရားပုထိုးတွေ၊ စေတီတွေ၊ ဓာတ်တိုင်တွေဟာ ပြိုလဲမတတ်ဖြစ်နေပြီ။ အဲတာကြောင့်မို့ တရားမဝင်မြေတူးနေတဲ့ ကုမ္ပဏီဖြစ်စေ မြေကားပိုင်တွေဖြစ်တဲ့ တဦး တယောက်က တူးတာပဲဖြစ်ဖြစ် မြေတူးနေတဲ့တရားမဝင် ကုမ္ပဏီတွေကို ကျမတို့က ထိရောက်စွာအရေး ယူပေးဖို့ မြို့်နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျမတို့က အစည်းအဝေးမှာ အရေးယူပေးဖို့ တင်ပြတောင်းဆိုသွားမှာ ဖြစ်တယ်။ တင်ပြတောင်းဆိုလို့ ဥပဒေနဲ့အရေးယူ ခဲ့ရင်တောင် အခုတူးမြေတူးဖော်ကြသူတွေအနေနဲ့ နှစ်များစွာတူးဖော်ခဲ့ကြလို့ ပျက်စီးဆုံးရှုံးခဲ့မှု တွေကို ဘယ်လို ပြန်လည်ကုစားပေးမှာလဲ။ လျော်ကြေး နစ်နာကြေးတွေ ဘယ်လိုပြန်လည် ပေးသွားမလဲဆိုတဲ့ အထိ ကျမတို့လုပ်ဆောင်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
စက်ယန္တရားကြီးတွေနဲ့ ညစဉ်တူးဖော်သယ်ယူနေတဲ့ ခိုင်လုံးကြိုင် ကုမ္ပဏီဟာ တံတားဦးမြို့်နယ် သဲမောင်းကန်အုပ်စု ရွှေတောင်တော်ဘုရားကုန်းကမြေတွေကို ညစဉ် တရားမဝင်မြေတွေကို တူးဖော်သယ်ယူပြီး မန္တလေးတိုင်း အမရပူရမြို့ နယ်တောင်သမန် သစ္စာကုမ္ပဏီကို တင်သွင်းနေတာလည်း ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်