ရိခေါဒါရ်ရှိ မြန်မာ-အိန္ဒိယနယ်စပ်တံတားပေါ် ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်ပင်
DVB
·
May 22, 2018

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ် ချစ်ကြည်ရေးတံတားပေါ် ယာဉ်တွေ ဖြတ်သန်း ဝင်ထွက်သွားလာခွင့်ကို မေလ ၂၁ ရက်က စတင်ပြီး ယာယီပိတ်ထားပါတယ်။
ရိဒ်ခေါ်ဒါရ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက "မနေ့က စပိတ်တာ။ အရင်ကဆိုရင် ပိတ်ရင် အကုန်ပိတ်တာ။ ခုက ကုန်ကိုတော့ မပိတ်ဘူး။ တံတားပေါ် ဖြတ်သန်းခွင့် ပိတ်တာ။ ဘာကြောင့်လဲဆိုတော့ အရင် ဖေဖော်ဝါရီလလောက်က အိန္ဒိယမြေဆီကား ၂၀ လောက် ဖမ်းဆီးတာ။ ရဲသား ၃ ယောက်လောက် စောင့်နေတာကို သူတို့ဘက်က ကားတွေ လာယူသွားတဲ့ ကိစ္စ နှစ်နိုင်ငံညှိနှိုင်းမှု အခြေအနေကြောင့် ထင်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေး ဝင်ထွက်ပေါက်တစ်ခုဖြစ်တဲ့ ရိခေါဒါရ် မြန်မာ-အိန္ဒိယ နယ်စပ် ချစ်ကြည်ရေးတံတားပေါ် ယာဉ်တွေ ဖြတ်သန်းဝင်ထွက်သွားလာခြင်းကို အိန္ဒိယနိုင်ငံ အာသံရိုက်ဖယ်တပ်က ခေတ္တပိတ်ထားတာဖြစ်တယ်လို့လဲ ရိဒ်ခေါ်ဒါရ်မြို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပေမယ့် ပိတ်ထားရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရပါဘူး။
ခုလို တံတားပိတ်ထားတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှုမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။
"ကုန်ကားတွေကတော့ ဒီဘက်ခြမ်း အဝယ်ဒိုင်တွေမှာပဲ ထားတယ်။ ဟိုဘက်က လာယူတယ်။ တံတားကို မဖြတ်ဘူး။ ဟိုဘက်ကတော့ ဒီဘက်ခြမ်းထိ ကုန်လာပို့တယ်"
ကုန်တင်ကားတွေကိုသာမက လူစီးယာဉ်တွေ၊ ပုဂ္ဂလိကယာဉ်တွေကိုပါ ပိတ်ပင်ထားတာကြောင့် ရိဒ်ရေကန်ကို လာလည်ကြတဲ့ အိန္ဒိယခရီးသည်တွေ အခက်အခဲဖြစ်နေသလို မြန်မာဘက်က အဓိက ကွမ်းသီးကုန်တွေ ပိတ်ထားရတယ်လို့ ကုန်သည်တဦးထံက သိရပါတယ်။
လတ်တလော အိန္ဒိယကဝင်တဲ့ မြေဆီကုန်ပစ္စည်းတွေကိုတော့ လူအင်အားသုံးပြီး သယ်သူနေရပါတယ်။
သတင်း - မင်းရဲစစ်နိုင်