Home
မြန်မာသတင်း
ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီတွင် လုပ်အားခအငြင်းပွားရာက မီးလောင်မှုဖြစ်ပွား (ရုပ်သံ)
DVB
·
May 14, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးက တောက်ပကြယ်နဲ့ မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ၀န်ထမ်းတွေအကြား လုပ်ခလစာကိစ္စ အဆင်မပြေဖြစ်ရာက မနေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကုမ္ပဏီဝန်းအတွင်း ရပ်နားထားတဲ့ မြေသယ်ယာဉ် ၁၀စီးလောက်နဲ့ လုပ်ငန်းသုံး ယာဉ် ကြီး /သေး ၁၀စီးကျော်၊ စုစုပေါင်း ယာဉ်ကြီးယာဉ်ငယ် ၂၀ လောက် မီးလောင်ခဲ့တယ်လို့ မျက်မြင် ယာဉ်မောင်းဝန်ထမ်းတဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကုမ္ပဏီကျောက်ဂိုဒေါင်အတွင်းက ကျောက်စိမ်းအရိုင်းတုံးတွေ ကို လူအုပ်နဲ့ ဝင်ရောက်လုယူကြလို့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာတွေလည်းရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ကုမ္ပဏီအလုပ်သမား နားနေဆောင်အတွင်းက  မနေ့ည ၇ နာရီခွဲလောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၁၀ နာရီအထိ မီးမငြိမ်းသတ်နိုင်သေးဘူးလို့ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။ “မီးလောင်နေတာ ဟုတ်တယ်။ ခုထိ မငြိမ်းသေးဘူး။ အလုပ်သမားလစာ ကိစ္စလေ"လို့ ပြောပါတယ်။ အလုပ်သမားလုပ်ခလစာကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့မှာ ဖြေရှင်းပေးဖို့ ပြောထားပြီးသား ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အခင်းဖြစ်ပွားနေရာက ထွက်ပြေးလာတဲ့ မဟာအစပထမ ကုမ္ပဏီရဲ့ ကားဆရာ ဝန်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရမှာတော့ “ဖြစ်တာက မနက် ၁၁နာရီလောက် စဖြစ်တာ။ အလုပ်ချိန်စောဆင်းခိုင်းရာကနေ စဖြစ်တာ" လို့ပြောပါတယ်။ ပုံမှန်အလုပ်ချိန်ဟာ မနက် ၁၀နာရီ ၄၅မိနစ်အထိ အလုပ်ဆင်းပြီး ၁၂ နာရီထိ နားရတယ်လို့ ဆိုပါတယ်။ မနက်ပိုင်း မိုးရွာလို့ အလုပ်မဆင်းရတဲ့အတွက် မိုးတိတ်လို့ နေပူတာနဲ့ နားချိန်မှာ အလုပ်ဆင်းခိုင်းရာကနေ လုပ်ငန်းကြီးကြပ်တွေနဲ့ စပြီး စကားများတယ်လို့ ဆိုပါတယ်။ “လုပ်ငန်းကြီးကြပ်တွေနဲ့ စကားများရာကနေ လစာကိစ္စတွေပါ ရောက်သွားပြီး တောင်းဆို တာတွေ လုပ်ပြီး ဆန္ဒပြတဲ့အဆင့်အထိရောက်သွားပဲဗျ " လို့ဆိုပါတယ်။ ဆန္ဒပြချိန်မှာ ရဲအင်အား ၅၀ လောက်ရောက်လာပြီး ဆန္ဒပြမယ်ဆိုရင် ကောင်းကောင်း မွန်မွန်ပြပြီး ကိုယ့်အခွင့်အရေးကို တောင်းခွင့်ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ကောင်းကောင်း မွန်မွန် ပြောကြောင်း သူက ဆိုပါတယ်။ “ကျနော်တို့ကို ၂နာရီလောက်မှာ အလုပ်သမားရုံးကို သွားမယ်ဆိုလည်း သွားခိုင်းတယ်၊ ရဲတွေက လမ်းဖွင့်ပေးတယ်။ အဲ့မှာ ကားမှန်ခွဲတာတွေဘာတွေ ဖြစ်ကုန်တာ။ ရဲတွေကတော့ ဘာမှမပြောဘူး ကြည့်ပဲကြည့်နေတာ" လို့ပြောပါတယ်။ ကုမ္ပဏီက တာဝန်အရှိဆုံးလူကတော့ အလုပ်သမားတွေကို ဒီလ ၁၅ ရက်နေ့မှာ လစာအကုန်ရှင်းပြီး ပြန်ခွင့်ပြုမယ်လို့ သဘောတူပြီး တောင်းဆိုတဲ့လစာတွေကိုတော့ လုပ်ငန်းရှယ်ယာလုပ်တဲ့သူတွေနဲ့ ညှိနှိုင်းရအုန်းမှာမို့ ပေးမယ်မပေးဘူး အာမမခံနိုင်ဘူးလို့ တာဝန်ရှိသူက ပြောခဲ့တဲ့အကြောင်း ကားဆရာက ပြောပါတယ်။ ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ မိုးရာသီစတင်ဝင်ရောက်လာပြီး ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေ ရပ်နားချိန်မှာ မိုင်းတွင်းလုပ်သားတွေ လုပ်ခလစာရှင်းပြီး အိမ်ပြန်ကြလေ့ရှိတဲ့အချိန်လဲ ဖြစ်ပါတယ်။ အခုမီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။ သတင်း၊ ဓာတ်ပုံ - ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024