သီပေါတွင် နွားတင်ကားသေနတ်ပစ်ခံရပြီး ယာဉ်မောင်းသေဆုံး၊ ၂ ဦးဒဏ်ရာရ
နော်နိုရင်း
·
May 8, 2018

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ရပူကြံခင်းရွာအနီး ပြည်ထောင်စုလမ်းမပေါ်မှာ ၁၂ ဘီးကားတစီး ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခံရလို့ ယာဉ်မောင်းသေဆုံးသွားသလို ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါကားဟာ ပျော်ဘွယ်ကနေ မူဆယ်ကိုထွက်ခွာတဲ့ နွားတင်ဆောင်လာ တဲ့ကားဖြစ်တယ်လို့ လူနာတွေကို သွားရောက်ကူညီခဲ့တဲ့ နယ်စည်းမခြားပရဟိတ(သီပေါ) ဥက္ကဋ္ဌ ဦးမျိုးက ပြောပါတယ်။
“သီပေါနယ်မောင်ဖုန်းတောင်အတက် ရေပူကြံခင်းရွာပေါ့ အဲမှာ ကားကသစ်ပင်ကိုလည်း ၀င်တိုက်ထားတယ်။ အပေါ်ကိုတက်ကြည့်တဲ့ အချိန်ကျတော့ ဒရိုက်ဘာက သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်။ အောက်မှာကတော့ နောက်ထပ်သေနတ်ဒဏ်ရာနဲ့ ပြင်းထန်ရထားတဲ့လူနာတယောက် အောက်မှာရှိတယ်။ နောက်တယောက်ကလည်း ခြေထောက်မှာ သေနတ်ဒဏ်ရာထိထားတယ်။ သုံးယောက်ပေါ့။”
သေဆုံးသူရော၊ ဒဏ်ရာရသူကိုပါ သီပေါဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေပါတယ်။ ဘယ်သူက ဘာကြောင့် ပစ်ခတ်ခဲ့လဲဆိုတာ အသေးစိတ်သိရဖို့ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ဓာတ်ပုံ -နယ်စည်းမခြားပရဟိတ(သီပေါ)