Homeမြန်မာသတင်း
မူးယစ်ဆေးနှင့် မှောင်ခိုလုပ်ငန်းတို့တွင် စစ်သည်များ မပါဝင်ရန် ဒု-ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
မူးယစ်ဆေးနှင့် မှောင်ခိုလုပ်ငန်းတို့တွင် စစ်သည်များ မပါဝင်ရန် ဒု-ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
DVB
·
May 7, 2018

မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေမှာ စစ်သည်၊ မိသားစုဝင်တွေ မပါဝင်ကြဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
မနေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်မှာ အရာရှိနဲ့ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံမှာကြားခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးက ဒေသအခြေအနေအရ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေမှာ စစ်သည်၊ မိသားစုဝင်တွေ မပါဝင် မပတ်သက်ဖို့အတွက် အသေးစိတ်မှာကြားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထာဝရ ငြိမ်းချမ်းရေးရရှိစေရေးအတွက် တပ်တိုင်းက စည်းရုံးရေးနယ်မြေအလိုက် ဆောင်ရွက်သွားရမယ့် ကိစ္စရပ်တွေ၊ လူမှုကွန်ရက် အင်တာနက်ဝက်ဆိုဒ်တွေက တဆင့် စစ်သတင်းနဲ့ မိမိတပ်သတင်းတွေ မပေါက်ကြားစေဖို့ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တာတွေ ကိုလည်း ပြောပါတယ်။
ပြီးတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နေရတဲ့ တရားဝင် အဖွဲ့အစည်းဖြစ်လို့ ဘယ်ကိစ္စကိုမဆို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ပဲ ဆောင်ရွက်ဖို့ ပြောပါတယ်။
စစ်မြေပြင်နဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို ချိုးဖောက်လို့ အရေးယူခဲ့ရတဲ့ ဖြစ်စဉ်တွေကိုလည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ ထားဝယ်တပ်နယ်နဲ့ ကလိန်အောင်တပ်နယ်က နယ်မြေခံ တပ်တွေကို ကြည့်ရှုစစ်ဆေးပြီး ရေးတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံခဲ့တာပါ
ပြီးခဲ့တဲ့ ဧပြီ လဆန်းပိုင်းက ဗထူးတပ်နယ်က အရာရှိ၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံရာမှာလည်း မူးယစ်ဆေးဝါးနဲ့ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေမှာ စစ်သည်နဲ့ မိသားစုဝင်တွေ ပါဝင်ပတ်သက်မှု မရှိကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါသေးတယ်။