Home
မြန်မာသတင်း
မိုင်းဆတ်-တာချီလိတ်လမ်းပိုင်းပြုပြင်ရန် UWSA "၀"တပ်ဖွဲ့က  အစိုးရကို ပြန်လွှဲပြောင်းပေး
DVB
·
May 7, 2018
31947552_2111753542173441_704797214081286144_n
  UWSA "၀"တပ်ဖွဲ့က နှစ်ရှည်ငှားရမ်းပြီး ဖောက်လုပ်ထားတဲ့ မိုင်းဆတ်-တာချီလိတ် ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ဖို့အတွက် အစိုးရကို ပြန်လည်လွှဲပြောင်းဖို့ သဘောတူညီခဲ့တယ် လို့ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ UWSA "၀"ဒေသ အထူးဒေသ(၂)က ကိုယ်စားလှယ်တွေနဲ့ မိုင်းဆတ်ခရိုင်အတွင်းက အုပ်ချုပ်ရေးမှူးတွေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ လမ်းပိုင်းပြန်လည် လွှဲပြောင်းဖို့ ကိစ္စ ညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်က ကျင်းပခဲ့ပြီး သဘောတူညီခဲ့တာပါ။ လမ်းပိုင်းလွှဲပြောင်းဖို့ "၀"တပ်ဖွဲ့အနေနဲ့ လမ်းပိုင်းကို "၀"တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဖြတ်သန်းသွားလာတဲ့အခါ လမ်းအသုံးပြုခွင့် ကင်းလွတ်ခွင့်အပါအ၀င်၊ မြေလွတ်မြေရိုင်းတွေ အပေါ်မှာ ရာဘာစိုက်ပျိုးထားမှုကို မြေခွန်ကောက်ခံမှုကို ကင်းလွတ်ခွင့်ပေးဖို့ ချက်(၂)ချက်နဲ့ ဆွေးနွေးသဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူးက "ကျနော်တို့အနေနဲ့ လမ်းပိုင်းပြုပြင်ဖို့ကို ရှမ်းပြည်နယ်အစိုးရကို အမြန်ဆုံးတင်ပြပြီး ဆောင်ရွက်သွားမှာပါ"လို့ ပြောပါတယ်။ မိုင်းဆတ်-တာချီလိတ်လမ်းပိုင်းကို ၂၀၀၁ ခုနှစ်ဝန်းကျင်က "၀"တပ်သားတွေအပါအ၀င် "၀"အကျဉ်းသားအသုံးပြုပြီး ဖောက်လုပ်ခဲ့တာဖြစ်ပြီး လမ်းပိုင်းအရှည်မှာ ၆၂ မိုင်ရှိပါတယ်။ လမ်းပိုင်းအသုံးပြုခကောက်ခံရေးကို "၀"တပ်ဖွဲ့က မိုင်းဆတ်နဲ့ တာချီလိတ်ခရိုင်အစပ်မှာ ဂိတ်စခန်းဖွင့်လှစ်ပြီး ကောက်ခံနေတာဖြစ်ပြီး မော်တော်ယာဉ်တစ်စီးကို ဘတ် ၁၀၀ ဆိုင်ကယ် တစီးကို ၁၀ ဘတ်နဲ့ကောက်ခံနေတာဖြစ်ပါတယ်။ UWSA တောင်ပိုင်း စစ်ဒေသ(၁၇၁)က ပြင်ပဆက်ဆံရေးတာဝန်ခံတဦးဖြစ်တဲ့ ကိုအိုက်ပလိပ်က "လမ်းပိုင်းပြန်အပ်ဖို့ ဆွေးနွေးတဲ့အဖွဲ့တွေကတော့ ဒီနေ့ မိုင်းဆတ်ကို တက်သွားပါတယ်။ လမ်းပိုင်းကို ပြန်အပ်မယ်ဆိုတာဟုတ်ပါတယ်"လို့ ပြောပါတယ်။ လမ်းပိုင်းဟာ မိုးရာသီမှာခရီးသွားလာဖို့ ခက်ခဲနေတာဖြစ်ပြီး လမ်းပိုင်းကောင်းမွန်မှုမရှိတဲ့ အတွက် ထိုင်းနိုင်ငံက စားသောက်ကုန်ပစ္စည်းတွေ တင်သွင်းရာမှာ အခက်အခဲ ရှိနေပြီး လမ်းပိုင်းကောင်းမွန်အောင် ပြင်ဆင်ပေးဖို့ ဒေသခံတွေဟာ လိုလားနေကြပါတယ်။ သတင်း - ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024