ကချင်စစ်ဘေးကြောင့် အသက် ၁၁၄ နှစ်ရွယ်အဘွားအို ထွက်ပြေးတိမ်းရှောင်
DVB
·
May 2, 2018

တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ပဆိပ်ဇွပ်ကျေးရွာကနေ မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ထဲမှာ အသက်အကြီးဆုံး အဘွားအိုတဦးလည်း ပါဝင်ခဲ့ပါတယ်။
သူကတော့ ၁၁၄ နှစ်ရှိပြီဖြစ်တဲ့ အဘွား အင်ကပ်ထုဘူ ဖြစ်ပြီး သူ့ကို မြေးဖြစ်သူက ကုန်းပိုးခေါ်ဆောင်ခဲ့တဲ့အတွက် တန်ဖရဲကျေးရွာက ဒုက္ခသည်စခန်းကို ခိုလှုံဖို့ ရောက်လာတာပါ။
အခုလို အသက်ကြီးမှ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အပေါ် အဘွားရဲ့ ခံစားချက်တချို့ကို သမီးဖြစ်သူကတဆင့် ဒီဗွီဘီက မေးမြန်းခဲ့ရာမှာ အဘွားအိုက “စစ်ပြေးရတာ ၃ ခေါက်၊ ၄ ခေါက်လောက်ရှိပါပြီ။ ဒီတခေါက်က အဆိုးဆုံးပါပဲ။ ထွက်ပြေးလာရတဲ့ အတွက် ကျောတွေလည်းနာပြီး ကောင်းကောင်းတောင်လှဲလို့ မရတော့ပါဘူး”လို့ ပြောပါတယ်။
စစ်ပွဲတွေနဲ့ပတ်သက်ပြီးလည်း ကချင်အဘွားအို အင်ကပ်ထုဘူက “တော်တော်လေးကို စိတ်ကုန်သွားပါပြီ။ လောလောနဲ့ပြေးရမှာဆိုတော့ အဘွားကို ထားခဲ့ပါ။ လမ်းလည်း မလျှောက်နိုင်တော့ဘူး။ အခု ဒီရောက်လာတော့ မြေးဖြစ်သူ ကုန်းပိုးခဲ့တာရယ်၊ ဆိုင်ကယ်စီးခဲ့ရတာရယ်ကြောင့် ရင်ဘတ်တွေလည်း နာတယ်။ နေလို့လည်း မကောင်းဘူး”လို့ ပြောပါတယ်။
အဘွားအိုမှာ သားသမီး ၁၀ ယောက် ရှိခဲ့ပေမယ့် အခုတော့ အသက်ကြီးလို့ ဆုံးသွားကြပြီဖြစ်ပြီး ၃ ယောက်ပဲ အသက်ရှင် ကျန်ပါတော့တယ်။
အသက် ၁၁၄ နှစ်အရွယ်ရှိပေမယ့် ဆေးရုံ ဆေးခန်း တခါမှ သွားစရာမလိုတဲ့ အဘွား အင်ကပ်ထုဘူဟာ တောထဲက အသီးအနှံနဲ့ အရွက်တွေကလွဲပြီး မစားတဲ့အတွက် အခုအခါမှာတော့ ဆားနဲ့ ထမင်းသာ စားနေရတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။
သတင်း - ရဲမွန်