လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်စာစောင် ထုတ်ပြန်
DVB
·
April 28, 2018

အထည်ချုပ်လုပ်ငန်းတွေက အလုပ်ရှင်နဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းမှာ ဘေးအန္တရယ်ကင်းရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင်ကို ဧပြီ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစာစောင်ကို အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပူးပေါင်းကာရေးဆွဲထားတာဖြစ်ပြီး ဒိန်းမတ်နိုင်ငံက နည်းပညာကူညီထားပါတယ်။
လမ်းညွန်စာစောင်ထဲမှာတော့ အလုပ်သမားတွေ အဓိကကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြေရှင်းဆောင်ရွက်ရမယ့် အချက်တွေကို နိုင်ငံတကာ အတွေ့အကြုံတွေ အခြေခံရေးသားထားတာဖြစ်ပါတယ်။
အဲဒီစာစောင်ကိုတော့ တနိုင်ငံလုံးမှာရှိတဲ့ အထည်ချူပ်လုပ်ငန်းတွေက အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကြားမှာ အခမဲ့ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
လမ်းညွှန်စာစောင်နဲ့ပတ်သက်တဲ့ အသိပညာပေး ရှင်းလင်းပွဲကိုလည်း ဧပြီ ၂၈ ရက်နေ့က ရန်ကုန်မြို့Chatrium ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးနဲ့ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ---ဆုဆုသွယ်