သူရဦးရွှေမန်းရေးသည့် “သူ၊ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး”စာအုပ်ထွက်ရှိ
DVB
·
April 23, 2018

သူရဦးရွှေမန်းရေးသားတဲ့ “သူ၊ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး”လို့ အမည်ပေးထားတဲ့ ကိုယ်တိုင်ရေး စာအုပ်တစ်အုပ် ဒီကနေ့ ထွက်ရှိလာပါတယ်။
စာအုပ်ဟာ စာဖတ်သူကို ဖြစ်စဉ်မှန်၊ ဖြစ်ရပ်မှန်တွေကို အနီးစပ်ဆုံးပေးမှာဖြစ်သလို၊ သမိုင်း မှတ်တမ်းနဲ့ ယှဉ်ပြီး စဉ်းစားစရာ၊ ဝေဖန်စရာ သင်ခန်းစာယူစရာတွေရရှိနိုင်မယ်၊ စာရေးသူနဲ့ ပါဝင်ပတ်သက်သူတွေအပေါ်လည်း မှတ်ချက်တွေပြုနိုင်သလို တိုင်းပြည်တိုးတက်ရေး အတွက် စာဖတ်သူဘယ်လိုပါဝင်ရမယ်ဆိုတာကိုလည်း အတိုင်းအတာ တခုအထိ ဖော်ထုတ် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
စာရေးသူကဦးရွှေမန်းက “ အဓိက စေတနာမှာ ကျလေန်ာတို့ လုပ်ဆောင်မှုများအပေါ် အများပြည်သူက အမှား၊ အမှန် ဝေဖန်ပိုင်းခြားပြီး သင်ခန်းစာယူ၍ နိုင်ငံကောင်းအောင်၊ နိုင်ငံ တိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်ရေးဖြစ်ပါသည်”လို့ စာအုပ်အညွန်းမှာ ပြောထားပါတယ်။
ကံအားလျော်စွာ သူကပြည်သူ့ကိုယ်စားလှယ်၊ ကျနော်ကလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသော အခါ၊ သူနှင့်တွေ့ဆုံရသည်။ သူက အမျိုးသားရင်ကြားစေ့ရေးလို့ သုံးနှုန်းသည်။ ကျနော်က အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပြောသည်။ ရင်ကြားစေ့ရေးလို့ဆိုဆို သင့်မြတ်ရေးဟုပြောပြော စကားလုံးသာကွဲသော်လည်း အနက်အဓိပ္ပါတယ်တူသည် ။ ထိုတူညီသော ယုံကြည်မှုအတွက် ကျနော်တို့ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ရာ ယနေ့အခြေအနေသို့ ရောက်လာသည်။ အဆင်ပြေခဲ့သည်များရှိသလို ဒဏ်ရာဒဏ်ချက်များလည်း ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးရသည်ဖြစ်၍ ရလာသည့် ဒဏ်ရာဒဏ်ချက်များကို ကျေနပ်ပါသည်လို့ သူရဦးရွှေမန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီစာအုပ်နဲ့ ပတ်သက်ပြီးရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စတင်တွေ့ဆုံချိန်မှ ယနေ့အချိန်အထိ ဘာတွေပြောခဲ့ကြသလဲ၊ ဘာတွေတိုင်ပင်ခဲ့ကြသလဲ၊ ငြင်းခုန်ခဲ့ကြသလဲ၊ ဘာတွေလုပ်ခဲ့ကြသလဲဆိုတာ အများက စိတ်ဝင်စား သိလိုတာတွေကို ဒီစာအုပ်မှာ ဖတ်ရှုရမယ်လို့လည်းဆိုပါတယ်။
ဒီစာအုပ်ကို Myanmar Heritage Publications က ထုတ်ဝေဖြန့်ရှိတာဖြစ်ပြီး ရန်ကုန်ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေမှာဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ် မူရင်း တန်ဖိုးကတော့ တအုပ်ကို ကျပ် ၂၀၀၀ ဖြစ်ပါတယ်။