အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး မထိုးရသေးသူများ ထိုးနှံကြရန် တိုက်တွန်း
ပိုင်စိုး
·
April 10, 2018

အသက် ၅ နှစ်ခွဲကနေ ၇ အရွယ်ကလေးတွေအနေနဲ့ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး မထိုးခဲ့ရတာကြောင့် ဒီလကစပြီး ထိုးပေးမယ့် အစီအစဉ်မှာ သွားရောက် ထိုးနှံကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး မပါခဲ့တာကြောင့် အဲဒီကာလမှာ မွေးခဲ့တဲ့ ကလေးတွေအတွက် ပြန်လည်ထိုးနှံပေးမှာ ဖြစ်ပါတယ်။
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ၊ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက “အခု ဧပြီလက စပြီး ထိုးပေးပါမယ်။ ထိုးရမယ့် ရက်တွေကတော့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးတဲ့ ရက်တွေအတိုင်း ထိုးပေးမှာပါ။ အဲဒါကြောင့် ကြိုတင် စုံစမ်းထားဖို့ လိုသလို ချိန်းဆိုတဲ့ ရက်တွေမှာ သွားပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ဆေးမထိုးခဲ့ရတဲ့ ကလေးပေါင်း ၁၄ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း သူက ပြောပါတယ်။
ပြီးတော့ အသက် ၉ လကနေ ၁၅ နှစ်အရွယ် ကလေး ၁၀ သိန်းကျော်ဟာလည်း ပြီးခဲ့တဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံတုန်းက မထိုးခဲ့ရတာကြောင့် အခု သွားရောက် ထိုးနှံလို့ ရမှာ ဖြစ်ပါတယ်။
ဒေါက်တာ ထားထားလင်းက “ဂျပန်ဦးနှောက်ရောင်ဆေးက တကြိမ်ပဲ ထိုးရမှာပါ။ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးက တလခြားပြီး ၃ ကြိမ်ထိုးရမှာဖြစ်လို့ ဒီလကစပြီး သွားထိုး သင့်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း မေလမှာ နောက်ဆုံးထားပြီး ထိုးရမှာပါ။ ဇွန်လ ဆိုရင်တော့ ထိုးပေးမှာ မဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။
ကာကွယ်ဆေးတွေကို ဧပြီ၊ မေ၊ ဇွန်နဲ့ ဇူလိုင်လတွေမှာ ထိုးနှံပေးမှာ ဖြစ်ပြီး ဆေးရုံ အခြေပြု ဆေးထိုးခန်းတွေ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်ဆေးရုံကြီးတွေ၊ ဒေသန္တရ၊ မိခင်နဲ့ ကလေး ကျန်းမာရေးဌာနတွေ၊ အအေးလမ်းကြောင်းရှိတဲ့ တိုက်နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။