မေမေမိုင်ရဲ့သီချင်းများကို ရွေးပြီး သီချင်းခွေထုတ်သွားမည့် ရတနာမိုင်
DVB
·
March 29, 2018
ဂီတလောကကမှာ အချစ်၊ အလွမ်းသီချင်းအေးအေးလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေရော၊ ယောက်ျားလေးပရိသတ်တွေပါ အားပေးလက်ခံမှုကို ရရှိထားတဲ့ အဆိုတော် ရတနာမိုင်က သင်္ကြန်အပြီးမှာ မေမေမိုင်ရဲ့သီချင်းတွေကို ရွေးထုတ်ပြီး သီချင်းခွေထုတ်သွားဖို့ အစီိအစဉ်ရှိတယ်လို့ ပြောပါတယ်။
“သင်္ကြန်ပြီးရင်တော့ မိုင်လေး မေမေမိုင် သီချင်းတွေထဲကမှ ပရိသတ်တွေ သိပြီးဖြစ်တဲ့ သီချင်းတွေကို ရွေးထုတ်ပြီး အခွေတခွေ ထုတ်သွားဖို့ရှိတယ်။ သီချင်းနည်းရင်တော့ မီနီအယ်လ်ဘမ်ပုံစံမျိုး ထုတ်မယ်။ ဆယ်ပုဒ်ကျော်သွားရင်တော့ စင်ဂယ်အယ်လ်ဘမ်အနေနဲ့ ထုတ်သွားမယ်။ မေမေမိုင် သီချင်းတွေက မိုင်လေး ငယ်ငယ်ကတည်းက ရင်းနှီးပြီးသား သီချင်းတွေပဲ ဆိုတော့လေ။ ဒီသီချင်းခွေကိုတော့ ဇူလိုင်၊ သြဂုတ်လမှာတော့ ထွက်ဖို့ ကြိုးစားသွားမယ်” လို့ ရတနာမိုင်က ပြောပါတယ်။
လတ်တလောမှာ အဆိုတော် ရတနာမိုင်အနေနဲ့ ကြော်ငြာတွေကို အများဆုံးလက်ခံ ရိုက်ကူးဖြစ်နေကာ၊ နယ်ပွဲ၊ ရန်ကုန်ပွဲတွေမှာ သီချင်းသီဆိုဖျော်ဖြေမှုတွေကို ဆက်တိုက် လုပ်ဖြစ်နေကြောင်းလည်း ပြောပါတယ်။
“လတ်တလော မိုင်လေး အနုပညာလှုပ်ရှားမှုကတော့ ကြော်ငြာလေးတွေ ရိုက်ဖြစ်နေပါတယ်။ ကြော်ငြာက အများဆုံး ရိုက်ဖြစ်နေတာပါ။ စားသောက်ဆိုင်ကြော်ငြာ၊ ကားကြော်ငြာ၊ ဟိုတယ်ကြော်ငြာလေးတွေပေါ့။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားပြီး ရိုက်ဖြစ်ပါတယ်။ သီချင်းကတော့ အမြဲဆိုဖြစ်တယ်။ နယ်ပွဲတွေရော၊ ရန်ကုန်ပွဲတွေရော ဆက်တိုက်သီချင်းကတော့ ဆိုဖြစ်တယ်။ နောက်တခုက သူ သိစေနဲ့ ရိုးရိုးလေးနဲ့ အခွေကို အမ်တီဗွီရိုက်ဖို့ရှိတယ်။ အဲဒါတွေအားလုံး သင်္ကြန်အပြီးလောက်မှပဲ စရိုက်သွားမှာပါ။ သီချင်းတွေကို အဓိကထားပြီး ရိုက်တယ်။ ထွက်လာရင်လည်း အားပေးကြပါဦး” လို့ ရတနာမိုင်က ထပ်မံပြောပြပါတယ်။
လက်ရှိမှာ အဆိုတော် ရတနာမိုင်အနေနဲ့ တေးရေး ဝေကြီး ရေးသားပေးထားတဲ့ “မမေ့ပါနဲ့” သီချင်းအမ်တီဗွီလေးကို တင်ပေးခဲ့ရာ ပရိသတ်တွေ အရမ်းကို ကြိုက်နှစ်သက်နေကြပါတယ်။
သတင်း - ကြယ်စု