ကွန်ပျူတာနှင့် ချိတ်ဆက်ထားသည့် စက်ခေါင်းများဖြင့် ပြည်တွင်း မီးရထားပြေးဆွဲမည်
DVB
·
March 20, 2018

ရထားစက်ခေါင်းအချက်အလက်တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ရယူနိုင်တဲ့ အိန္ဒိယနိုင်ငံ ထုတ် စက်ခေါင်း ၁၈ခုနဲ့ ပြည်တွင်းမှာ မီးရထား ပြေးဆွဲဖို့ရှိနေပါတယ်။
မတ်လ ၁၉ ရက်မှာ အိန္ဒိယနိုင်ငံ RITESကုမ္ပဏီက မြန်မာ့မီးရထားကို လွှဲပြောင်းပေးတဲ့ စက်ခေါင်းတွေရဲ့ ထိန်းချုပ်စနစ်နဲ့ လက်တော့ပ်ကွန်ပျူတာချိတ်ဆက်ပြီး စက်ခေါင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရယူနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်ခေါင်းမှာ တယ်လီဖုန်း ဆင်းကတ်တွေထည့်ထားပြီး စက်ခေါင်းရောက်ရှိရာ နေရာ၊ မောင်းနှင်နေတဲ့မိုင်နှုန်းအပါအဝင် စက်ခေါင်းရဲ့ အင်ဂျင်ထိန်းချုပ်မှု ပိုင်းဆိုင်ရာ အခြေအနေကို မိခင်စက်ရုံ တယ်လီဖုန်း ဟန်းဆက်ကတဆင့် ဒေါင်းလုတ်ဆွဲယူ ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံထုတ် ရထားစက်ခေါင်း ၁၈ ခေါင်းကို အိန္ဒိယနိုင်ငံ EXIM ဘဏ်ချေးငွေနဲ့ ဝယ်ယူတာဖြစ်ပြီး လူစီးရထားတွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် အဓိက အားထား သုံးစွဲမယ်လို့ဆိုပါတယ်။
အိန္ဒိယထုတ် ဒီဇယ်လျှပ်စစ်စက်ခေါင်းတွေဟာ ပထမအသုတ်အဖြစ် ၂ဝ၁၇ ဇူလိုင်မှာ ၆ ခေါင်း၊ ဒုတိယအသုတ်အဖြစ် ၂ဝ၁၇ နိုဝင်ဘာလမှာ ၆ ခေါင်း၊ နောက်ဆုံးအသုတ်အဖြစ် ၂ဝ၁၈ ဖေဖော်ဝါရီမှာ ၆ ခေါင်း စုစုပေါင်း ၁၈ ခေါင်း ရောက်ရှိခဲ့တာပါ။
ရောက်ရှိလာတဲ့ စက်ခေါင်းတွေကို ရန်ကုန်- မန္တလေး လမ်းပိုင်း၊ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းနဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေမှာ လူစီးရထားနဲ့ ကုန်ရထားတွေမှာ ပြေးဆွဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။