စစ်တွေတွင်ဖမ်းဆီးခံနေရသည့် အေအန်စီဗဟိုအလုပ်မှုဆောင် ကိုနိုင်စိုး၏ ကျန်းမာရေးဆိုးရွား
DVB
·
March 18, 2018

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်အမျိုးသားကောင်စီ ဗဟိုအလုပ်မှုဆောင် ကိုနိုင်စိုးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဆိုးရွားနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်က စစ်တွေမြို့မှာ လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သတ်လို့ ကိုနိုင်စိုးဟာ ချုပ်ရက်ရမန်နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်ပါတယ်။
ဇနီးဖြစ်သူဒေါ်ကေခိုင်ဝင်း "စစ်ဆေးနေတဲ့အတွက် လုံးဝမတွေ့ရဘူးလို့သူတို့ကပြောတယ်။ နေမကောင်းဘူးဆိုရင် ကျန်းမာရေးအခြေအနေအရ ဆေးရုံတင်ပေးမယ်။ အသည်းရောင်အသားဝါက ပိုဆိုးလာတယ်။ မျက်စိအထိရောက်လာနေပြီး အသက်အန္တရာယ်အရမ်းစိုးရိမ်ရတယ်။ အမြန်ဆုံးအပြင်မှာ အာမခံချက်နဲ့ ဆေးကုသခွင့်ရအောင်လုပ်ပေးကြပါ”လို့ပြောပါတယ်။
ကိုနိုင်စိုးတို့ကိုချုပ်ရမန်ယူပြီးစစ်ဆေးနေတာ သီတင်း ၄ပတ်ကျော်ကြာခဲ့ပေမယ့် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။
ကိုနိုင်စိုးရဲ့ညီမ မချစ်အိနိုင်က “ဝင်သွားတဲ့နေ့ကတည်းက တွေ့ခွင့်မရသေးဘူး။ သူ့မိန်းမနဲ့တော့ တခါတွေ့လိုက်ရတယ်။ ထမင်းသွားပို့တဲ့အချိန်နဲ့ ဟိုကစစ်ဆေးဖို့ ထွက်လာတဲအချိန်နဲ့ ၅မိနစ်လောက်ပဲ တွေ့လိုက်ရတယ်။ သူ့ကိုမေးတဲ့အချိန်မှာ စစ်တဲ့အချိန်မှာ ဖိအားပေးမှုတွေရှိတယ်လို့ သူ့မိန်းမကတဆင့်ပြောတယ်။ သူ့ရောဂါအခြေအနေနဲ့ တခုဖြစ်သွားမှာကိုစိုးရိမ်ရတယ်”လို့ပြောပါတယ်။
ကိုနိုင်စိုးဟာ ပြီးခဲ့တဲ့၂၀၀၉ နှစ်ကတည်းက အသည်းရောင်ေ ဝဒနာခံစားနေရသူတဦးဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေတာနဲ့ပတ်သတ်လို့ မိသားစုဝင်တွေရဲ့ တောင်းဆိုမှုတွေကြောင့် မတ်၁၇ ရက် ညနေပိုင်းမှာ စစ်တွေဆေးရုံက လက်ထောက်ဆရာဝန်တဦး လာရောက်စစ်ဆေးမှုခဲ့ပါတယ်။
ကိုနိုင်စိုးကိုဆေးရုံတင်ပြီး ဆေးကုသခွင့်ပေးဖို့ စစ်တွေပြည်သူ့ ဆေးရုံက တာဝန်ရှိသူတွေ လက်ထိုး ခွင့်ပြုပေးလိုက်ပြီလို့လည်း ကိုနိုင်စိုးအမေကဖြစ်သူကဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ကိုနိုင်စိုးဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင်နိုင်ရေး အစိုးရနဲ့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ (အေအန်စီ)ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့တဦးလည်းဖြစ်ပါတယ်။
ကိုနိုင်စိုးကို ချက်ခြင်းပြန်လွှတ်ပေးဖို့အတွက် ရခိုင်အမျိုးသားကောင်းစီက ပြီးခဲ့တဲ့ ဖေဖော်ရီလကတည်းက ထုတ်ပြန်တောင်းဆိုထားပါတယ်။
စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ပတ်သတ်လို့ ကိုနိုင်စိုးနဲ့ အုပ်ချုပ်ရေးမှူးဟောင်းတဦးအပါအ၀င် စုစုပေါင်းလူ ၉ဦးဖမ်းဆီး စစ်ဆေးနေတာဖြစ်ပါတယ်။