မြင်းခြံတွင် ပဲစင်းငုံဈေးများ ကျဆင်းနေ၊ အရောင်းအဝယ် မဖြစ်
DVB
·
March 15, 2018

ပဲစင်းငုံဈေးများ ဆက်တိုက် ကျဆင်းနေတာကြောင့် အရောင်းအဝယ် မဖြစ်တာ ၅ ရက်လောက်ရှိပြီလို့ မြင်းခြံ ကုန်စည်ဒိုင်က သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်က လယ်ယာမြေတွေမှာ အဓိကစိုက်ပျိုး သီးနှံတမျိုး ဖြစ်တဲ့ ပဲစင်းငုံဟာ ပြည်တွင်း၊ ပြည်ပ ဝယ်လက်မရှိတာကြောင့် ဈေးနှုန်းတွေ ကျဆင်းနေပြီး အရောင်းအဝယ် မဖြစ်တော့ဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးကျော်ထင်အောင်က “လက်ရှိ ပဲစင်းငုံဈေးကွက် မကောင်းဘူး။ မကောင်းတဲ့ အကြောင်းရင်းက ၂၀၁၈ ထဲမှာထွက်တဲ့ ပဲစင်းငုံဟာ အရည်အသွေးက အသင့်အတင့်ပဲ ရှိတယ်။ ပြီးတော့ ထွက်နှုန်းကလည်း လျော့သွားတယ်၊ အရင်နှစ်တွေကလည်း ဈေးမကောင်းဘူး။ ဈေးကောင်းရဖို့အတွက် နေပြည်တော် အစည်းအဝေးမှာ ကျနော်တို့ တင်ပြပေမယ့်၊ အိန္ဒိယက မဝယ်လို့ ပြောပါတယ်။ အိန္ဒိယက မဝယ်ရင် ကျန်တဲ့နိုင်ငံတွေက ဝယ်ယူလာအောင် အစိုးရက လုပ်ဆောင်ပေးသွားမယ်ဆိုရင် တောင်သူတွေ အသက်ရှူချောင်တာပေါ့။ ကုန်သည်တွေအနေနဲ့ကတော့ ကိုက်ညီတာ လုပ်ကိုင်စားတာဆိုတော့ အဓိကမကျပါဘူး။ ရှေ့လာမယ့်နှစ်တွေမှာ တောင်သူတွေ ပဲစင်းငုံ စိုက်ပျိုးမှု နည်းပါးသွားပါလိမ့်မယ်။ တောင်သူတွေအနေနဲ့က တချို့မြေတွေဟာ ပဲစင်းငုံ တမျိုးကိုသာ စိုက်ပျိုးလို့ရတဲ့မြေဖြစ်တဲ့အတွက် အစားထိုး စိုက်ပျိုးလို့မရတဲ့ မြေကိုသာ အနည်းအပါး စိုက်ပျိုးကြမှာ ဖြစ်တယ်။ ပြီးတော့ တောင်သူတွေအတွက် ပဲစင်းငုံဟာ အာမခံချက်မရှိတော့ရင် လုံးဝစိုက်ပျိုးကြမှာ မဟုတ်တော့ဘူး။ အဲဒီအတွက် အစိုးရအနေနဲ့က ဒီလို အခက်အခဲတွေ ပြေလည်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ပဲစင်းငုံ အပါအဝင် ဒေသအတွင်း စိုက်ပျိုးထားတဲ့ သီးနှံအများအပြား ထိခိုက်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် တောင်သူအများစု ဆုံးရှုံးမှုများစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံမှ ဦးညိုက “ဒီနှစ်က ပဲစင်းငုံ အရည်အသွေးပိုင်းအနေနဲ့ ပထမတန်းစား မရှိဘူး၊ ဒုတိယနဲ့ တတိယတန်းစားပဲ ဝင်တယ်။ ရန်ကုန်ကလည်း မဝယ်ဘူး။ လှောင်လက်တွေကလည်း မဝယ်ဘူးဆိုတော့ လက်ရှိအနေအထားရ ရပ်ထားဖို့ပဲ ရှိတော့တယ်။ တောင်သူတွေအနေနဲ့က အများကြီး ရှုံးကြပါတယ်။ ဒါကလည်း တနိုင်ငံလုံး ဖြစ်နေတာဆိုတော့ မတက်နိုင်ဘူးပေါ့။ ဈေးနှုန်းလေး တက်လာရင်တော့ တောင်သူတွေ ခံစားရမှာပေါ့။ ခုက ကောင်းလာနိုင်စရာ မရှိတော့ ပိုပြီးနစ်နာဖို့ပဲ ရှိပါတယ်”လို့ သူက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်က ပဲစင်းငုံ ၁ ပိဿာကို ၁၃၀၀ ကျပ်ဖြင့် အရောင်းအဝယ် စတင်ခဲ့ပြီး၊ အခုနှစ် ပဲစင်းငုံ ပေါ်လာချိန်မှာတော့ ပဲစင်းးငုံ အရည်အသွေး ကျဆင်းတာကြောင့် ၁ ပိသာကို ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြင်းခြံမြို့ပေါ်မှာ နေ့စဉ် ပဲစင်းငုံ ကုန်ချိန် ပိဿာ ၁၀၀၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပြီး မြင်းခြံမြို့နယ်မှာ ပဲစင်းငုံစိုက်ဧက ၂၁၃၆၆ ဧက စိုက်ပျိုးနေတာလည်း ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း(မြင်းခြံ)