Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းများဆောင်ရွက်နေ
DVB
·
March 8, 2018
ကရင်ပြည်နယ်ထဲမှာ  ကျေးလက်ဒေသနေ ပြည်​သူတွေ ဖွံ့ဖြိုးတိုးတက်စေဖို့  လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေတယ်လို့  ကျေးလက်ဒေသ ဦးစီးဌာနက သိရပါတယ်။ မီးရရှိရေး(ဆိုလာ)အရင်းမပျောက် မြစိမ်းရောင်စီမံကိန်း၊ လူငယ်တွေ အလုပ်အကိုင်ရရှိ ရေးအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းတွေအပြင် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းတွေကို လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရှေးပြေးစီမံကိန်းအနေနဲ့ ကျေးရွာ ၄၅ ရွာကို ကျေးရွာချင်းဆက်လမ်းနဲ့ ကျေးရွာတွင်း သွားလမ်းတွေကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် တစ်ရွာကျပ်သိန်း ၁၀၀နှုန်းနဲ့ သန်းပေါင်း ၄၅၀၀ ကို ချထားပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးနဲ့ ရေပေးရေးလုပ်ငန်းတွေဖြစ်တဲ့ တွင်းတိမ်၊ တွင်းနက်၊ လက်တူး တွင်းလုပ်ငန်း ၂၅ ခုကိုခွင့် ပြုရန်ပုံငွေ သန်းပေါင်း၁၈၀၀နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေရာမှာ မတ်လကုန် လုပ်ငန်းအားလုံးပြီးစီးဖို့ ရည်မှန်းထားတယ်လို့လည်းသိရပါတယ်။ ကျေးလက်ပြည်သူလူထုရဲ့ လိုအပ်ချက်ကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ရရှိမှာဖြစ်တယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပြောပါတယ်။ မတ် ၇ ရက် မနက်က ကရင်ပြည်နယ် ဘားအံမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်း အကောင်အထည်ဖော်ခြင်း လုပ်ငန်းသုံးသပ် တွေ့ဆုံဆွေးနွေးပွဲမှာ ဒီဗွီဘီကိုပြောကြားခဲ့တာပါ။ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်​ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီမှူး ဦးခင်မောင်ဝင်းက “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်က ဖွံ့ဖြိုးမှုမရှိပဲနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့်မို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်တဲ့ အခါမှာ ကျေးလက်ပြည်သူလူထုရဲ့လိုအပ်ချက်ကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ရရှိမှာဖြစ်တယ်။ ပြည်သူလူထုကလည်း ပါဝင်မှု အပြည့်အ၀ ဖြစ်ရမယ်။ အားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်သွားမယ်ဆိုရင် ဖွံ့ဖြိုးမှု အစစ်အမှန်ကို သွားနိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ကော့ထောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဒေါ်နန်းခင်သက်မာဝင်း က“နိုင်ငံတော်အနေနဲ့ ကျေးရွာပြည် သူလူထုကို ထောက်ပံ့ပေးတဲ့အတွက်​ လိုအပ်​ချက်​ရှိတဲ့​နေရာ​တွေ ဖြည့်​ဆည်းနိုင်​တာ​ပေါ့။ လူထုကလည်း ပူးပေါင်းပါဝင်ရင် ပိုကောင်းတာ​ပေါ့။ ကျေးရွာတွေမှာ စုစည်းမှုရှိတဲ့ရွာ​တွေက ပို ပြီးအောင်မြင်မှုရရှိတာကို တွေ့ရမယ်”လို့ ပြောပါတယ်။ စီမံကိန်းအကောင်အထည်ဖော်ရာမှာ အားသားချက်၊ အားနည်းချက်တွေကို တစ်စု တစ်ဝေးတည်း သုံးသပ်နိုင်အောင်၊ လုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြန်လည်မျှဝေနိုင်ဖို့နဲ့ ကျန်ကျေးရွာတွေက နမူနာယူ ပူးပေါင်းလုပ်ဆောင်တတ်စေဖို့ ရည်ရွယ်ပြီး ဆွေးနွေးပွဲပြုလုပ်တာပါ။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024