ပင်လယ်ကူးသင်္ဘောသားများအသင်း အလုပ်သမားအဖွဲ့အဖြစ် ရပ်တည်မည်
ပီတာအောင်
·
May 22, 2012

မြန်မာသင်္ဘောသားတွေအတွက် အလုပ်သမားရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ ပိုမိုရရှိ အောင်ရည်ရွယ်ပြီး မြန်မာသင်္ဘောသားအသင်း အဖွဲ့တွေကနေ အလုပ်သမား အဖွဲ့အစည်းအဖြစ် ပြောင်းလဲရပ်တည်တော့မယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မြန်မာပင်လယ်ကူး သင်္ဘောသားတွေရဲ့ အရေးကူညီ ဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအသင်း Myanmar Overseas Seafarers Association (MOSA)ကို ဖျက်သိမ်းပြီး အလုပ်သမားအဖွဲ့အစည်းတခုရဲ့ လက်အောက်မှာ ပြောင်းလဲ ရပ်တည်တော့မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်း ဥပဒေပြဋ္ဌာန်းလိုက်ပြီဖြစ်ပြီး ပင်လယ်ကူး သင်္ဘောသားတွေလည်း အလုပ်သမားတွေဖြစ်တဲ့အတွက် မိုဆာ အသင်းဝင်တွေအနေနဲ့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားအဖွဲ့ချုပ်အောက်ကို ပြောင်းလဲဖို့စီစဉ်နေတာလို့ မိုဆာအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ပြောပါတယ်။
“နှစ်ဖက်စလုံးကလည်း တရားဝင်ပြောထားတယ်။ ဘာလို့လဲဆိုတော့ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ သင်္ဘောသားတွေဟာ ရေလုပ်သားတွေဖြစ်တဲ့အတွက် အလုပ်သမားအဖွဲ့အောက်ကို ပြောင်းလဲဖွဲ့စည်းတာ ဖြစ်ပါတယ်။”
မြန်မာအစိုးရက အလုပ်သမားအဖွဲ့အစည်း ဥပဒေသစ်ထုတ်ပြန်ပြီးနောက် မြန်မာပြည်တွင်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ အသီးသီးထူထောင်နေကြရာမှာ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကတည်းက ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
အခုလို မိုဆာအသင်းအနေနဲ့ ပင်လယ်ကူးသင်္ဘောသား အလုပ်သမား အဖွဲ့ချုပ်ဝင်အဖြစ် ပြောင်းလဲရပ်တည်လိုက်ခြင်းအားဖြင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)နဲ့ ပူးပေါင်းပြီး မြန်မာသင်္ဘောသား အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ပိုမိုရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ဦးကိုကိုနိုင်က ပြောပါတယ်။
“ဒီအသင်းကိုရော အသင်းမှာပါတဲ့အဖွဲ့ဝင်တွေကိုရော ပိုပြီး ကာကွယ် စောင့်ရှောက်မှု ပေးနိုင်မယ် ထင်ပါတယ်။ အိုင်အယ်လ်အိုက သတ်မှတ် ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
မြန်မာသင်္ဘောသားတဦးက လက်ရှိမြန်မာပင်လယ်ကူး သင်္ဘောသားတွေဟာ တခြားနိုင်ငံက သင်္ဘောသားတွေထက် လုပ်ခလစာ တန်းတူမရဘဲ အနှိမ်ခံရတဲ့ကိစ္စကို မြန်မာသင်္ဘောသား အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ လိုလားတယ်လို့ ပြောပါတယ်။
“သွားလုပ်တဲ့ ကုမ္ပဏီတွေပေါ်မူတည်တယ်။ တချို့ကုမ္ပဏီတွေမှာတော့ သူတို့လူမျိုးဆိုရင် လစာပိုပေးတယ်။ မြန်မာတွေဆိုရင် လစာလျှော့တယ်။ အဲ့လိုမျိုးတွေ ညီတူညီမျှဖြစ်အောင် လုပ်သင့်တယ်ပေါ့ဗျာ။ ဥရောပဆိုလည်း ဥရောပ၊ အနောက်နိုင်ငံတွေက သင်္ဘောသားတွေနဲ့လည်း တန်းတူမျိုး၊ လစာမျိုး ဖြစ်သင့်တယ်။ တရုတ်နဲ့ဆိုလည်း တရုတ်နဲ့ တန်းတူပေါ့။ အခုက မြန်မာတွေဆို လစာနည်းတယ်။ လျှော့ပေးတယ်။ မြန်မာတွေက ပေါတယ်ဆိုပြီး မြန်မာတွေကို ခေါ်တယ်။ လစာလျော့ရတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိတယ်။ သင်္ဘောတစီး အတူတူချင်း၊ ရာထူးတူရင်တောင်မှ မြန်မာဆိုလျှော့ပေးတာမျိုး ရှိတယ်။”
မိုဆာအသင်းကို ၂၀၀၂ ခုနှစ်ကတည်းက ယခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းများ စည်းမျဉ်းဥပဒေအရ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင် ၃ သောင်းကျော်လောက် ရှိနေတာပါ။
ဒီအသင်းအနေနဲ့ သင်္ဘောသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ သာရေးနာရေး၊ လူမှုဖူလုံရေးနဲ့ သင်္ဘောသားတွေအတွက် ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။
