Home
မြန်မာသတင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း ပြစ်မှုပြစ်ဒဏ်များပိုတိုးထား
DVB
·
March 2, 2018
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေကြမ်းထဲမှာ လက်ရှိတည်ဆဲ စည်ပင်ဥပဒေထက် ပြစ်မှုပြစ်ဒဏ်တွေကို ငွေဒဏ်ရော ထောင်ဒဏ်ပါ ပိုပြီးတိုးမြှင့်ထားပါတယ်။ ဥပဒေကြမ်းမှာ ထောင်ဒဏ်တွေပါလာတဲ့အပြင် ဒဏ်ငွေတွေမှာလည်း အနည်းဆုံး ကျပ် သုံးသောင်းကနေ ငါးသောင်းအထိ သတ်မှတ်ပြဌာန်းထားတာဖြစ်ပါတယ်။ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်က ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးလှဌေးက“ အရင်တုန်းကတော့ တစ်သောင်းလောက်နဲ့ပြီး တယ်။ အဓိကကတော့ ဆောက်လုပ်ရေး ပိုင်းတွေပေါ့။ တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တားမြစ်ထားတယ်။ လုပ်ငန်းအရ မကိုက်ညီတော့ဘူးဆိုလို့ရှိရင် မလုပ်ရတော့ဘူးလို့ တားမြစ်လဲ သူတို့က ဆက်လုပ်တယ်။ ဆက်လုပ်တော့ ဘာဖြစ်လဲဆိုလို့ရှိရင် ဒဏ်ငွေက တစ်ရက် တစ်သောင်း၊ ဒီလောက်နဲ့ သူတို့ကပေးတာပေါ့။ တစ်သောင်း တစ်သောင်းပေးပြီးတော့ သူတို့ရဲ့ဆောက်လုပ်လက်စ လုပ်ငန်းကြီးကို ပြီးအောင်ဆောက် သွားတယ်။ ကျနော်တို့ အခု ဒီဥပဒေမှာက တားမယ်။ တားတားခြင်းမှာ ဒဏ်ရိုက်မယ် ဆက်မလုပ်အောင်၊ ရပ်ထားရမယ်၊ ဆက်လုပ်မလား၊ ဆက်လုပ်ရင် အဲဒီမှာ ထောင်ဒဏ်ကျခံရမယ့်အခြေအနေအထိရောက်သွားမယ်။”လို့ ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းဟာ စင်္ကာပူနိုင်ငံက စည်ပင်နည်းပညာတွေကို ကိုးကားပြီး နမူနာယူရေးဆွဲထားတယ်ဆိုပေမယ့် ဖတ်ရသလောက်တော့ စင်္ကာပူ အငွေ့အသက်ဆိုလို့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် အခွင့်အရေးတွေမပါဘဲ ပြစ်မှုပြစ်ဒဏ်တွေ လောက်ပဲ စင်္ကာပူနဲ့ တူတာတွေ့ရတယ်လို့ ထောက်ပြပြောဆိုပါတယ်။ လက်ရှိတည်ဆဲ ၂၀၁၃ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနဲ့ ၂၀၁၃ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေထဲက ပြစ်မှုနှင့်ပြစ်ဒဏ်အခန်းကဏ္ဍမှာ ငွေဒဏ်အပါအဝင် ထောင်ဒဏ်တွေပါပြဌာန်း သတ်မှတ်ထားတာရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက အဲဒီစည်ပင်ဥပဒေ ကျူးလွန်တဲ့သူတွေကို ဥပဒေအတိုင်း ထောင်ဒဏ်အပြစ်ပေးခဲ့တာတွေ မရှိခဲ့ဘူးလို့လည်း ဥပဒေရဲ့အသက်ဝင်မှု အား နည်းချက်တွေကို  လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024