Home
မြန်မာသတင်း
ဘားအံအကျဉ်းထောင်တွင်း မူးယစ်ဆေးခိုးသွင်းသူ ထောင်ဝန်ထမ်း အပါအဝင် ၅ ဦးကို အရေးယူ
DVB
·
March 2, 2018
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံအကျဉ်းထောင်အတွင်းကို  အခကြေးငွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ သွင်းပေးတဲ့ ထောင်ဝန်ထမ်း တဦး အပါအဝင် ၅ ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၇ နာရီခွဲက ဘားအံအကျဉ်းထောင် ဒုကြီးကြပ်ရေးမှူး စိုင်းခမ်းမောင်က ဖုန်းနဲ့ အကြောင်းကြားလို့ ရဲတပ်ဖွဲ့က သက်သေတွေအတူ သွားရောက်ခဲ့ရာ အကျဉ်းဆောင်ခန်းမအတွင်း မျှော်စင် ၃ တာဝန်ကျ၊ အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် စောဝင်းစိုး ပစ်ထည့်ထားတဲ့ အထုပ်ကို စစ်ဆေးခဲ့ရာ ဖက်ရွက်နဲ့ ထုပ်ထားပြီး အနက်ရောင် တိပ်နဲ့ ပတ်ထားတဲ့ အထုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၈ ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးချက်အရ အဆိုပါ ဘားအံ အကျဉ်းထောင်ဝန်ထမ်းကို ဘားအံအကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ဇင်ဘိုဘိုထူး(ခ)ဇင်ဘို၊ ခင်ထွေး၊ စောလုံတို့ သုံးဦးက ဘားအံမြို့ အမှတ်-၅ ရပ်ကွက် ဓမ္မဝါသီ ၁-လမ်းနေ မြင့်သူရ(ခ)အပလောင်ဆီက စိတ်ကြွရူးသွပ်ဆေးပြားတွေကို သွားရောက်သယ်ဆောင်ပြီး ထောင်အတွင်းကို ထည့်သွင်းပေးဖို့နဲ့ ဆေးပြားတွေ ရောက်ရှိပါက ငွေကျပ် ငါးသိန်းပေးမယ်လို့  ပြောဆိုစည်းရုံးခဲ့တာလို့ သိရပါတယ်။ မြင့်သူရ(ခ)အပလောင်ရဲ့ နေအိမ်ကို သွားရောက် ရှာဖွေရာမှာတော့ နေအိမ်တံခါးတွေ ပိတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အကျဉ်းထောင် ဝန်ထမ်း ဒုတပ်ကြပ် စောဝင်းစိုး၊ ဇင်ဘိုဘိုထူး(ခ)ဇင်ဘို၊ ခင်ထွေး၊ စောလုံ၊ မြင့်သူရ(ခ)အပလောင် တို့ ငါးဦးကို စက်မှုဇုန်နယ်မြေရဲစခန်းက  အမှုဖွင့် အရေးယူထားပါတယ်။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024