ဖက်ဒရယ်စနစ်တွင် ကျား၊ မ တန်းတူရေး ပါဝင်သင့်ကြောင်း ဆွေးနွေး
Aung Aung Naing
·
February 5, 2018
ဖက်ဒရယ်စနစ် ကျင့်သုံးရာမှာ ကျား၊ မ တန်းတူညီမျှရေး ပါဝင်သင့်တဲ့အကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးမှာ ယုံကြည်ရာ အသိပညာပြန့်ပွားရေး အသင်းက ဦးဆောင်ပြီး ဒီကနေ့ ဆွေးနွေးပွဲ ကျင်းပပါတယ်။
ကျား၊ မ (Gender) ရေးရာဆိုင်ရာ ညီမျှမှုနဲ့ ဖက်ဒရယ်စနစ်ဟာ ဘယ်လိုချိတ်ဆက်မှုရှိလဲ ဖက်ဒရယ်စနစ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုပါဝင်နိုင်တယ်၊ ပြီးတော့ ကွဲပြားတဲ့ လိင်စိတ်ခံယူရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေအတွက်လည်း ဘယ်လိုမျိုး ဖက်ဒရယ်စနစ်မှာ ပါဝင်နိုင်တယ်၊ ဖက်ဒရယ်စနစ်က ဘာတွေအကျိုးရှိတယ် စတာတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဖက်ဒရယ်နိုင်ငံများ ဖိုရမ် မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင်က “အရင်ကတော့ ကျား၊ မ Gender ရေးရာနဲ့ ဖက်ဒရယ်စနစ်နဲ့ဆိုတာ သတ်သတ်ဖြစ်တယ်။ ဖက်ဒရယ် ဆွေးနွေးတဲ့သူတွေကလည်း Gender မပါကြသလို Gender ပြောတဲ့သူတွေကလည်း ဖက်ဒရယ်စနစ်ဆိုတာ မပါတော့ မြန်မာနိုင်ငံမှာကတော့ လက်ရှိသွားမယ့် နိုင်ငံရေးစနစ်က ဖက်ဒရယ်နိုင်ငံရေးစနစ် ဖြစ်တာကြောင့် အဲဒီနိုင်ငံရေးစနစ်မှာ ကျား၊ မ Gender ရေးရာတွေ ပါဝင်သင့်တယ်လို့ ယူဆတာကြောင့် အခုလို အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရတာ”လို့ ပြောပါတယ်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှုနဲ့ အမျိုးသမီးတွေ ပါဝင်မှုကို ဆက်စပ်ပေးတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြက ပြောတယ်။
“မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက နိုင်ငံရေးထဲမှာ ပါမလာသေးဘူး။ နည်းတယ်၊ အလွန်နည်းတယ်။ တနိုင်ငံလုံးမှာ အမျိုးသမီးဦးရေက ၅၁ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးလောကမှာတော့ လွှတ်တော်ကိုယ်စားလှယ် ရွေးတာကအစ အမျိုးသမီးတွေ အလွန်နည်းပါတယ်။ ဖက်ဒရယ်စနစ်လို့ ဆိုလိုက်ရင် လူတွေက ဖက်ဒရယ်ဆိုရင် ခွဲထွက်ရမယ်၊ ခွဲထွက်ကြမယ် ဆိုပြီးတော့ တလျှောက်လုံး စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ပြည်သူလူထူထုဟာ ခေါင်းထဲကို ရိုက်သွင်းခံထားရတော့ ဖက်ဒရယ်ဆိုရင်ကို လူတွေက ကြောက်နေကြတယ်”
အဲဒီသင်တန်းကို ရန်ကုန်မှာ ၂၀၁၇ အောက်တိုဘာလက ဖွင့်လှစ်ခဲ့ပြီး မန္တလေးမှာတော့ ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၇ ရက်အထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အလားတူ သင်တန်းတွေကို မော်လမြိုင်၊ တောင်ကြီး၊ မြစ်ကြီးနား၊ စစ်တွေ စတဲ့မြို့ကြီးတွေမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။