အယ်လ်ဇိုင်းမားရောဂါ သွေးစစ်အဖြေရှာမည့်နည်းလမ်း သိပ္ပံပညာရှင်များ တွေ့ရှိ
DVB
·
February 4, 2018

အယ်လ်ဇိုင်းမား ရောဂါအတွက် သွေးစစ်အဖြေရှာနိုင်မယ့် အလားအလာကို သိပ္ပံပညာရှင်တွေ ရှာဖွေတွ့ရှိပြီလို့ သိရပါတယ်။
မှတ်ဉာဏ်လျော့ပါးတဲ့ လက္ခဏာ ပထမဆုံးမပြမီ နှစ် ၂၀ ကနေ ၃၀ ထိ ကြိုပြီး အယ်လ်ဇိုင်းမားရောဂါကို ထောက်လှမ်းနိုင်တဲ့ သွေးစစ်ဆေးမှု ပုံစံသစ်ကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်တာပါ။
ဂျပန်နဲ့ သြစတြေးလျ သုတေသန ပညာရှင်တွေက အယ်ဇိုင်းမား ရောဂါကို တိုက်ဖျက်ရေး အရေးကြီးတဲ့ တိုးတက်မှုကို လုပ်နိုင်ပြီလို့ ပြောပါတယ်။
ဒီရောဂါဟာ ကမ္ဘာတလွှား လူသန်းငါးဆယ်လောက် ခံစားနေရတဲ့ ရောဂါလည်း ဖြစ်ပါတယ်။
ရောဂါဖြစ်ချိန်မှာ ဦးနှောက်ထဲမှာ ပေါ်လာတဲ့ အမ်းမလွိုက်ဘီတာ အဆိပ်သင့် ပရိုတိန်းကို ထောက်လှမ်းပြီး ၉၀ ရာခိုင်နှုန်း တိကျမှုကိုပေးတဲ့ သွေးစစ်မှုကို တီထွင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဒီသုတေသနကို မဲလ်ဘုန်းတက္ကသိုလ်က ပါမောက္ခ ကိုလင်းမာစတာစ်က ဦးဆောင်ပါတယ်။
သွေးထဲက ပရိုတိန်းဓာတ်ကို စမ်းအပြီးမှာ ဦးနှောက်ထဲမှာ အမ်းမလွိုက်တွေ စုပုံလာတာကို သိပ္ပံပညာရှင်တွေက ဟောကိန်း ထုတ်နိုင်ပါတယ်။
မဝေးတဲ့ အနာဂတ်မှာ အယ်လ်ဇိုင်းမား ရောဂါကို ကုသနည်းကို ရှာတွေ့ဖို့ မျှော်လင့် ထားတယ်လို့ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရှင်နဲ့ ဂျပန်ဆေးပစ္စည်း ထုတ်လုပ်သူ ရှိမဒ်ဇု ကော်ပိုရေးရှင်းရဲ့ အကြီးတန်းပညာရှင် ကိုအိချိတာနာ့ခါ့က ပြောပါတယ်။
အယ်လ်ဇိုင်းမားရောဂါကို စောစော ထောက်လှမ်းနိုင်မှုဟာ ကုသမှု အလားအလာအတွက် အရေးပါပါတယ်။ စမ်းသပ်မှု အသစ်ဟာ ရောဂါလက္ခဏာ မစခင် နှစ်၂၀ ကနေ ၃၀ ထိ အချိန်ပိုရစေမယ် ထင်တယ်လို့ တနခက ပြောခဲ့ပါတယ်။