ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအကြား အပစ်ရပ်သဘောတူ
အေးနိုင်
·
May 7, 2012

ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ချင်းပြည်နယ် ဟားခါးမှာ ဒီနေ့တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက် (၁၆) ချက်ကို သဘောတူညီချက်ရပြီလို့ ချင်းအမျိုးသားတပ်ဦးရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာရွှေခါးက ပြောပါတယ်။
[caption id="attachment_25027" align="alignleft" width="310" caption="ဒေါက်တာရွှေခါး"]
[/caption]
ဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့မှာ မနက်ပိုင်းကော ညနေပိုင်းမှာပါ ၂ ကြိမ်ခွဲဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားတပ်ဦးဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အဖွဲ့ဝင်ဖြစ်တာကြောင့် နောက်တဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ယူအန်အက်ဖ်စီအနေနဲ့ ဆွေးနွေးဖို့ ထုတ်ပြန်ထားပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့ကလည်း အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းကို တွေ့ဆုံဖို့ ကမ်းလှမ်းထားပြီး မေလလယ်လောက်မှာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာရွှေခါးကို ဆယ်သွယ်မေးမြန်းထားပါတယ်။
ဒေါက်တာတို့ ဒီနေ့သဘောတူညီချက် အခြေအနေက ဘယ်လိုရှိပါသလဲ။ ဒီနေ့ဆွေးနွေးပွဲလေး ရှင်းပြပေးပါ။
“ဒီနေ့ဆွေးနွေးပွဲက လျောလျောလျူလျူပဲ အဆင်ပြေပါတယ်။”
ဒီနေ့မှ စပြီးဆွေးနွေးတာဆိုတော့ ဒီနေ့တရက်တည်းနဲ့ အပြီး သဘောတူညီချက် ရသွားတာလား။ ဘာတွေ သဘောတူလိုက်ကြပါသလဲ။
“ကျနော်တို့ အချက်ပေါင်း ၁၆ ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပြီးခဲ့တုန်းက စာချုပ်ချုပ်ဆိုခဲ့တာကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်မလဲ ဆိုတာတွေကို အသေးစိတ်ဆွေးနွေးတာ ဖြစ်ပါတယ်။”
အဲဒီ ၁၆ ချက်ကနေ ဒီနေ့ သဘောတူ လက်မှတ်ထိုးပြီးပြီလားခင်ဗျ။
“အခု လက်မှတ်ရေးထိုးဖို့ စောင့်နေကြပါတယ်။”
အဲဒီ ၁၆ ချက်ကို လက်မှတ်မထိုးခင် တချက်လောက် ပြောပြပေးပါလား။ ဘယ်အချက်တွေ အဓိကအားဖြင့် ပါလဲခင်ဗျ။ ချင်းက ဒေသခံတွေ သိရအောင် တချက်လောက် ပြောပြပေးပါလား။
“ပထမက နယ်မြေသတ်မှတ်တဲ့ ကိစ္စတွေကို ပြည်ထောင်စုအဆင့်ကနေ ထပ်မံပြီးတော့ အတည်ပြုတာရယ်၊ ဆက်ဆံရေးရုံး တည်ဆောက်မယ့် ကိစ္စကို ထပ်မံပြီးတော့ အတည်ပြုတာရယ်၊ ပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ ဘယ်ဟာတွေကို အခြေခံရမယ်ဆိုတဲ့ အချက်အလက်တွေ၊ အန်ဂျီအိုတွေကိစ္စ၊ ပြီးတော့ နိုင်ငံခြားသားခံယူထားတဲ့ ချင်းအမျိုးသားတွေ မြန်မာပြည်ကို ပြန်လာချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စတွေ၊ ပြီးတော့ မူးယစ်ဆေးဝါး နှိမ်နင်းဖို့ကို ဘယ်လိုပူးပေါင်းကြမလဲဆိုတဲ့ ကိစ္စ၊ ပဋိပက္ခဖြစ်ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ကိစ္စ၊ အဲဒါတွေတော့ အဓိကပါတယ်။”
ဒေါက်တာရွှေခါးက စီအန်အက်ဖ်ကို ဦးစီးပြီးတော့ သွားတာလားခင်ဗျ။
“ဟုတ်ကဲ့၊ အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။”
ဒီအစိုးရက ပြည်ထောင်စုအဆင့် ဝန်ကြီးက ဦးအောင်မင်းလားခင်ဗျ။
“ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့၊ အရာရှိတွေပါပါတယ်။”
စီအန်အက်ဖ်က ၁၉၈၈ က စတင် ထူထောင်တယ်ဆိုတော့ အခု ၂၃ နှစ်လောက် အကြာမှာ သဘောတူညီချက် ရတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာရွှေခါး အနေနဲ့ ချင်းပြည်သူတွေသိအောင် ပြောပြပေးပါလား။
“အခုက စပြီးတော့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ခြေလှမ်းနောက်တလှမ်း ရှေ့ကို တိုးတယ်လို့ ပြောလို့ရပါတယ်။”
ချင်းပြည်နယ်ထဲမှာ ဒေါက်တာတို့ ဆက်ဆံရေးရုံးတွေ ဘယ်တော့လောက် ဖွင့်မလဲ။ ဒီနေ့မှာ သဘောတူလိုက်သေးလား။
“ဒီနေ့မှာ ချက်ချင်းဖွင့်လို့တော့ရပါတယ်။ ကျနော်တို့ဘက်က နည်းနည်း ပြင်ဆင်ပြီးတော့ မကြာခင်မှာ ဖွင့်ပါမယ်။”
မြန်မာပြည်ထဲမှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မီးမလာတာ အဓိကဖြစ်နေတယ်။ အဲဒီလျှပ်စစ်မီး ရရှိရေးနဲ့ ပတ်သက်လို့ကော ဒေါက်တာရွှေခါးတို့ ဘာတွေစီစဉ်သေးလဲခင်ဗျ။
“အဲဒီဟာတော့ နောက်တဆင့်မှ ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။”
နောက် နာရီဝက်၊ ၁နာရီလောက်ဆို လက်မှတ်ထိုးပြီလား။
“ဟုတ်ပါတယ်။ အခုဆွေးနွေးပွဲတော့ အကုန်လုံးပြီးပြီ၊ လက်မှတ်ရေးထိုးဖို့တော့ ဆောင်ရွက်နေကြပါတယ်။”
နောက်ထပ်ဆွေးနွေးဖို့ ရှိသေးလား။
“မရှိတော့ပါဘူး။ ပြည်သူလူထုအတွက် ဆွေးနွေးပြီးပါပြီ။”
