သားသမီးရင်း ၁၃ ယောက်ကို ပိတ်လှောင် အစာငတ်ထားခဲ့သည့် မိဘ ၂ ဦးကို ရဲဖမ်းဆီး

အမေရိကန်နိုင်ငံမှာ သားသမီးအရင်း ၁၃ ယောက်ကို အိမ်တွင်း ပိတ်လှောင်ထားကာ အစာငတ်ထားခဲ့တဲ့ စုံတွဲတတွဲကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်ရဲတွေဟာ အရေးပေါ် ဖုန်းခေါ်ဆိုမှုတခုကို ရခဲ့ပြီးနောက်မှာ ခုလို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိတ်လှောင်ခံထားရသူတွေထဲမှာ အသက် ၂ နှစ်ကနေ ၂၉ နှစ်အထိ ပါဝင်ပြီး ရဲတွေဟာ သူတို့ကို မည်းမှောင်ပိတ်လှောင်နေတဲ့ အခန်းတခုထဲမှာ ညစ်ပတ်ပေရေနေတဲ့ အနေအထားတွေနဲ့ တွေ့ရှိခဲ့ကြတာပါ။ ဖုန်းခေါ်ဆိုခဲ့သူကတော့ သူတို့ထဲမှ မိန်းကလေးတဦးဖြစ်ပြီး သူနဲ့ သူ့ရဲ့ မောင်နှမတွေဟာ အခန်းတခုထဲမှာ ပိတ်လှောင်ခံထားရတယ်လို့ ရဲတွေကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးချိန်မှာတော့ မိဘတွေဟာ အသက် ၅၇ နှစ်အရွယ် ဒေးဗစ်တာပင်းနဲ့ အသက် ၄၉ နှစ်အရွယ် လူးဝီးစ်တာပင်းတို့ ဖြစ်နေတာကို သိရှိခဲ့ကြတာပါ။ ပိတ်လှောင်ခံထားရသူ ၁၃ ယောက်ထဲမှာ မိန်းကလေး ၁၀ ယောက်နဲ့ ယောက်ျားလေး ၃ ယောက် ပါဝင်ကာ အစာရေစာ ဝဝလင်လင် မစားရတဲ့အတွက် ပိန်လှီနေတာကို ရဲတွေက တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးတွေကို ဆေးရုံပို့ဆောင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေတာပါ။ မိဘ ၂ ဦးကိုတော့ ကလေးငယ်တွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ထိန်းချုပ်ထားမှုတွေနဲ့ အရေးယူသွားမယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဖခင်ဖြစ်သူ ဒေးဗစ်ဟာ လေကြောင်းအင်ဂျင်နီယာတဦးဖြစ်ပြီး ဇနီးဖြစ်သူကတော့ အိမ်ရှင်မတဦးဖြစ်ကာ သူတဦးတည်းရဲ့ ဝင်ငွေနဲ့ မလုံလောက်တဲ့အတွက် ခုလိုလုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ကလေးတွေကိုလည်း စာသင်ကျောင်းမပို့ဘဲ အိမ်မှာပဲ စာသင်စေကာ သူတို့ အိပ်ရာတွေနဲ့ သံကြိုးတွေနဲ့ ခတ်ကာ ပိတ်လှောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ကြားရသူတွေဟာ အံ့သြထိတ်လန့်ခဲ့ကြပြီး ကိုယ့်ကလေးကို မပြုစု မစောင့်ရှောက်နိုင်ရင်လည်း ခုလို မလုပ်သင့်ဘဲ အစိုးရကို အကူအညီတောင်းတာမျိုး စတဲ့ တခြား လုပ်လို့ရတဲ့ ဖြေရှင်းနည်းတွေသာ သုံးသင့်တယ်လို့လည်း ဝေဖန်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up