ဧရာဝတီတိုင်းတွင် ၁နှစ်အတွင်း မိန်းကလေးငယ်ပေါင်း ၁၅၀ ကျော်အဓမ္မပြုကျင့်ခံခဲ့ရ
DVB
·
January 16, 2018

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၇ နှစ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၁၅၅ ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရပါတယ်။
မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့ အသက်အရွယ်တွေကတော့ ၂ နှစ်အရွယ် က ၁၆ နှစ်အရွယ် မိန်းခလေးငယ်တွေပါဝင်နေကာ ကျေးလက်တောရွာတွေမှာအများဆုံး ဖြစ်ပွားခဲ့ပြီး အရက်မူးနေတဲ့ ခင်မင်ရင်းနှီးသူတွေ အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးနီးစပ်တော်သူတွေက ကျူးလွန်ခဲ့ကြတာလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က "အဓိကက အနေနီးစပ်မှုပါ။ ခင်မင်ရင်းနှီးသူတွေက ကျူးလွန်ကြတာများပါတယ်။ များသောအားဖြင့် ကျေးရွာတွေမှာ အဖြစ်များတယ် အရက်သောက်ပြီး ကျူးလွန်တာများတယ်။ ဒါကြောင့် အရွယ်မရောက်တဲ့ကလေးငယ်တွေကို အိမ်မှာတစ်ယောက်တည်းမထားသင့်ဘူး။ တစိမ်းရင်းနှီးတဲ့ သူပဲဖြစ်ဖြစ် မရင်းနီးတဲ့သူပဲဖြစ်စေ အပြင်ကိုအတူတူနှစ်ယောက်တည်း မလွှတ်သင့်ဘူး။ ကလေးတွေကို ညကြီးမိုးချုပ်အလုပ်ကိစ္စနဲ့ အပြင်ကိုသွားခိုင်းတာတွေ မလုပ်သင့်ပါဘူး"လို့ ပြောပါတယ်။
ကျူးလွန်ခံခဲ့ရတဲ့ မှုခင်းစာရင်းအရ မိန်းခလေးငယ်တွေဟာ အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ၆၁ မှု၊ အသက် ၁၁ နှစ်ကနေ ၁၄ နှစ်အထိ ၇၂ မှု၊ အသက် ၆ နှစ်ကနေ ၁၀ နှစ်အထိ ၁၉ မှုနဲ့ အသက် ၂ နှစ်ကနေ ၅ နှစ်အထိ ၃ မှုကျူးလွန်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်အတွင်းကလည်း ကလေးငယ် ၁၀၃ ဦး မုဒိန်းမှု ကျူးလွန်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ပိုမိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သတင်း - မြမင်းဦး(ပုသိမ်)