ထိုင်းတွင် နှစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိ

ဓာတ်ပုံ - Chinnawat Singha
ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး ခရီးသွားလာကြတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီ ၃ ရက်နေ့အထိ လမ်းပေါ် ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူဦးရေ ၄၂၃ ဦးထိရှိပြီး နခွန်ရက်ချာစီမာခရိုင်မှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံတဝန်းမှာ နှစ်သစ်ကူး အားလပ်ရက်အဖြစ် လူတွေ ခရီးသွားလာမှုအများဆုံး ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီ ၃ ရက်နေ့ထိ တပတ်တာကာလအတွင်း ယာဉ်မတော်တဆမှုတွေ အဖြစ်များတာကြောင့် အန္တရာယ်ရှိတဲ့ ၇ ရက်လို့ ပြောကြတာပါ။ ဒီ ၇ ရက်အတွင်း ယာဉ်မတော်တဆဖြစ်မှု အများဆုံးက ဥဒုံဌာနီမှာဖြစ်ပြီး ၁၃၉ မှုဖြစ်ကာ ဒဏ်ရာရသူဦးရေလည်း ၁၄၅ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မတော်တဆမှုကြောင့် လူသေမှုအများဆုံးကတော့ နခွန်ရက်ချာစီမာဒေသမှာဖြစ်ပြီး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ ဒီ ၇ ရက်အတွင်း ယာဉ်တိုက်မှု ၃၈၄၁ မှုဖြစ်ပြီး ၄၀၀၅ ဦး ဒဏ်ရာရရှိကာ စုစုပေါင်း ၄၂၃ ဦး သေဆုံးခဲ့တယ်လို့ လမ်းအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်မှုဌာနက ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ၆ ရက်မြောက် ဇန်နဝါရီ ၂ ရက်နေ့မှာ သေဆုံးသူဦးရေ ၃၇၅ ဦးထိဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့ တရက်တည်းတင်မှာပဲ နိုင်ငံတဝှမ်းလုံး ယာဉ်မတော်တဆဖြစ်မှု ၃၈၆ မှုဖြစ်ကာ လူအယောက် ၄၀ သေဆုံးပြီး ၄၀၂ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ လူသေမှုအများဆုံး ကားတိုက်မှုတွေထဲမှာ မူးယစ်သောက်စားပြီး ကားမောင်းမှုကြောင့် ၂၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ အရှိန်နှုန်းမြှင့် ကားမောင်းမှုကြောင့် ၂၅ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်တယ်၊ ယာဉ်တိုက်မှုထဲမှာ မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်တာက ၇၇ ဒသမ ၈၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ပစ်ကပ်ထရပ်ကားတွေကြောင့်ဖြစ်တာက ၅ ဒသမ ၂၉ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ခရိုင် ၇ ခုဖြစ်တဲ့ ချိုင်နက်၊ နက်ခွန်နာယော့ခ်၊ နာရက်သီဝက်၊ နန်၊ ယာလ၊ ရနောင်းနဲ့ နွန်ဘူရာလမ်ဖူမှာ သေဆုံးမှု လုံးဝမရှိဘူးလို့ လမ်းအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်မှုဌာနရဲ့ ထုတ်ပြန်ချက်အရ သိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up