Home မြန်မာသတင်း အီးယူ ရဲ ့ပိတ္ဆို ့ဒဏ္ခတ္မႈ ဆိုင်းငံ့မှုကို အာဆီယံကြိုဆို
အီးယူ ရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု ဆိုင်းငံ့မှုကို အာဆီယံကြိုဆို
asean ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတွေ တနှစ် ဆိုင်းငံ့လိုက်တဲ့အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ အစဉ်တစိုက် တောင်းဆိုနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) က ကြိုဆိုကြောင်း ဒီနေ့  ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်က အီးယူရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ မှန်မှန်ကန်ကန် လုပ်ဆောင် ပေးခဲ့တာလို့ ပြောကြားလိုက်ပြီး အီးယူနဲ့ အာဆီယံအကြား တင်းမာနေတဲ့ ဆက်ဆံရေးကိုလည်း အတိတ်မှာ ချန်ထားခဲ့နိုင်ပြီလို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာကို အရေးယူပိတ်ဆို့တာတွေကို ရုပ်သိမ်းဖို့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း တောင်းဆိုခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲအပြီး ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာလည်း တောင်းဆိုခဲ့ပါတယ်။
စင်ပြိုင် အာဆီယံအဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒက်ဘီစတူး ဟပ်ကတော့ ပြုပြင်ပြောင်းလဲရေး တစုံတရာ အာမခံချက်မရရှိဘဲ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးလိုက်တာဟာ အန္တရာယ်များတယ်လို့ ပြောပါတယ်။
“ဒီတပတ်မှာပဲ အုပ်ချုပ်သူတွေက ပြုပြင်ပြောင်းလဲရေးအတွက် အာမခံ လုပ်ဆောင်တာ မရှိဘူးဆိုတာ တွေ့လိုက်ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ ပါလီမန် တက်ရောက်ခြင်း မရှိတာတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ဥရောပသမဂ္ဂနဲ့ ကနေဒါက ပိတ်ဆို့တာတွေ ရုပ်သိမ်းတာတွေအပါအ၀င် နေပြည်တော်က သူတို့လိုချင်တာတွေ ကြိုပြီးတော့ ရသွားပါပြီ။ ဒါကြောင့် သူတို့တွေက ပြုပြင်ပြောင်းလဲဖို့ တစုံတရာ လုပ်စရာ မလို တော့ပါဘူး၊ ဒါက အရမ်းကို အန္တရာယ်များပါတယ်။”
ဒါ့အပြင် တိုင်းပြည်မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် မြန်မာပြည်မှာ တရားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ မလုပ်သေးတဲ့အပြင် မြန်မာလူမျိုးတွေ လွတ်လပ်စွာ အသက်မွေးဝမ်းကြောင်းလုပ်နိုင်ဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲတာတွေ မရှိသေးတဲ့အတွက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ မရုပ်သိမ်းသင့်သေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
“ကမ္ဘာတ၀န်းလုံးက ကုမ္ပဏီတွေက သယံဇာတတွေကို ထုတ်လုပ်ဖို့ ဦးတည်လာတဲ့အချိန်မှာ အခြေခံဥပဒေနဲ့ နည်းဥပဒေတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတာတွေ မရှိတဲ့အတွက် လယ်ယာသိမ်းတာတွေ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူတွေကို အရင်ကထက် အတင်းအဓမ္မ ရွှေ့ပြောင်းနေ ထိုင်စေတာတွေကို ပိုဖြစ်လာနိုင်တယ်။”
အာဆီယံအဖွဲ့ ကတော့ အခုလို မြန်မာကို အရေးယူဒဏ်ခတ်မှုတွေ လျော့သွားအပြီးမှာ လာမယ့် ဧပြီလအကုန် ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အီးယူ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲမှာတော့ အီးယူနဲ့  အာဆီယံအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ဆက်ဆံရေးကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အရင်က အာဆီယံနဲ့ အီးယူ ဆက်ဆံရေးဟာ မြန်မာနဲ့ အီးယူ ဆက်ဆံရေး မပြေလည်မှုကြောင့် အဖုအထစ်တွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။
ဆက်စပ်သတင်းများ