ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဥက္ကဋ္ဌ လူထု သူရဲကောင်းဆုရ
နန်းမြနဒီ
·
April 25, 2012
အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော် ရှမ်းပြည်တိုးတက်ရေးပါတီ တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားကို ဝမ့်ဟိုင်းဌာနချုပ်မှာကျင်းပရာ ပါတီခေါင်းဆောင် ဒု- ဗိုလ်ချုပ် ကြီးပန်ဖကို ဒေသ ခံပြည် သူလူထုက သူရဲကောင်းဆုချီးမြှင့်ခဲ့ပါတယ်။
[caption id="attachment_24541" align="alignleft" width="285" caption="ဒု-ဗိုလ်ချုပ်ကြီးပန်ဖ (ရှမ်းပြည်တပ်မတော်တောင်ပိုင်း) ဓာတ်ပုံ-သျှမ်းသံတော်ဆင့်"]
[/caption]
၄၈ နှစ်ပြည့် အခမ်းအနားကို ရှမ်းပြည်ကျေးသီးမြို့နယ် ဝမ့်ဟိုင်းရွာမှာ ဧပြီ ၂၄ ရက်နေ့ မနက်က ကျင်းပခဲ့ပြီး နအဖအစိုးရလိုလားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့အတွက် ဒု - ဗိုလ်ချုပ်ကြီးပန်ဖကို ဒေသခံပြည်သူတွေက သူရဲကောင်းဆုချီးမြှင့်ခဲ့တာလို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
သူရဲကောင်းဆုအဖြစ် ပြည်သူတွေက ဂုဏ်ပြုလွှာနဲ့ ငွေသား၊ ရွှေသားပါ တန်ဖိုးကျပ်သိန်း ၂၀၀ ဝန်းကျင်လောက် ချီးမြှင့်ခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
ဒု - ဗိုလ်ချုပ်ကြီးပန်ဖကတော့ ရှမ်းပြည်တပ်မတော်ကို ထောက်ခံတဲ့ ပြည်သူတွေကို ပြန်ပြီးကျေးဇူးဆပ်တဲ့အနေနဲ့ ဒေသဖွံဖြိုးရေးအတွက် ငွေသားကျပ် သိန်း ၂၀၀ နဲ့ လယ်ထွန်စက် အလုံး ၂၀ ကို အခမ်းအနားမှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခမ်းအနားကို နာယက ဗိုလ်ချူပ်ဆေထင်နဲ့အတူ ပါတီဗဟိုကော်မတီဝင်တွေ၊ အရာရှိ၊ အရာခံ တပ်သားနဲ့ ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေက ဒေသခံပြည်သူတွေ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဝ့မ်ဟိုင်းအခြေစိုက် ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ဟာ ၁၉၈၉ ခုနှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ တပ်မဟာ ၁ က ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ နအဖ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းခိုင်းရာမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ ၃ နဲ့ တပ်မဟာ ၇ တို့က ဌာနေ ပြည်သူ့စစ်အသွင်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ ကတော့ မပြောင်းတဲ့အတွက် အစိုးရတပ်တွေနဲ့ ပြီးခဲ့တဲ့နှစ် မတ်လကစပြီး ၇ လ ကျော် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်။
၂၀၁၁ နှစ်ကုန်ပိုင်းမှာ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ကြေညာရာမှာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီမှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမယ့်လည်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲက အစိုးရတပ်တွေ ဆုတ်ခွာသွားတာမရှိတဲ့အတွက် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ထိ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
