နော်ဝေ-မြန်မာဆွေးနွေးပွဲ- တွေ့ဆုံမေးမြန်းချက်
DVB
·
April 19, 2012

နော်ဝေနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းဟာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယိုနာ့စ်ဂါစထရာနဲ့ အော်စလိုမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး အစည်းအဝေးခန်းမထဲက ထွက်လာတဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယိုနာ့စ်ဂါစထရာနဲ့ ရထားဝန်ကြီး ဦးအောင်မင်းတို့ကို ဒီမိုကရက်တစ်မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးအေးချမ်းနိုင် - သမိုင်းဝင်တွေ့ဆုံပွဲ တခုလို့ ယူဆပါတယ်။ ဒီနေ့ဆွေးနွေးတဲ့ အဓိက အချက်လေးတွေကို ပြောပြပေးပါ။
ယိုနာ့စ်ဂါစထရာ “ဟုတ်ပါတယ်။ သမိုင်းဝင်တွေ့ဆုံပွဲတခုပါ။ ကျနော် ရန်ကုန်ရောက်ခဲ့စဉ်က မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တာလေးကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ပါ။ ကျနော်တို့ အကြောင်းအရာ တော်တော်များများကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ် အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကိစ္စပါ။ အဲဒီနောက် ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်မလဲ၊ ထာဝရ ငြိမ်းချမ်ရေးရအောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ နော်ဝေးနိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအတွက် ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာကို ဆွေးနွေးပါတယ်။
“ဝန်ကြီး ဦးအောင်မင်းရောက်တဲ့နေ့မှာ နော်ဝေးနိုင်ငံက မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု ယာယီရုပ်သိမ်းလိုက်ပါတယ်။ စစ်လက်နက်ရောင်းဝယ်တာက လွဲလို့ ကျန်တဲ့ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာပါ။ မြန်မာအစိုးရနဲ့ ပုံမှန်ဆက်ဆံသွားမယ့် သဘောပါ။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲနေသူတွေကို အားပေးတဲ့ သဘောပါသလို၊ ဆန့်ကျင်နေတဲ့သူတွေကိုလည်း သတိပေးတာလည်း ပါပါတယ်။ နော်ဝေအနေနဲ့ အခု အပြောင်းအလဲမှာ ဘယ်လို ကူညီနိုင်တယ်ဆိုတာကိုလည်း ဝန်ကြီး ဦးအောင်မင်းက ပွင်ပွင်လင်းလင်း ရှင်းပြပါတယ်။ ကျနော်တို့ ဘက်ကလည်း ကျနော်တို့သိထားတဲ့ အတွေ့အကြုံတွေကို ဖလှယ်ပေးဖို့ ပြောခဲ့ပါတယ်။ ဒီနေ့ သမိုင်းဝင်တွေ့ဆုံပွဲကို အခြေခံပြီး ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေး အခုထက်ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။”
ဦးအေးချမ်းနိုင် - ဝန်ကြီး အစောက ပြောသွားတဲ့အထဲမှာ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ဖို့၊ တည်တံ့ဖို့ စောင့်ကြည်လေ့လာရေး လုပ်မယ်ဆိုတော့ အဲဒီကိစ္စ ဘယ်လောက်အထိ အသေးစိတ် ဆွေးနွေးခဲ့ပါသလဲ။
ယိုနာ့စ်ဂါစထရာ - အပစ်အခတ်ရပ်စဲရေးဟာ အင်မတန် အရေးကြီးပါတယ်။ ဒါပေ့မယ် ဒါဟာ အစပဲ ရှိပါသေးတယ်။ ရှေ့ဆက်သွားဖို့အတွက် လမ်းစပါ။ ရှေ့ဆက်သွားဖို့ဆိုတာက ဖွံ့ဖြိုးရေးလုပ်ငန်း၊ ငြိမ်းချမ်းရေးရဲ့ အကျိုးအမြတ်၊ ဒုကသည်ကိစ္စတွေ ဖြေရှင်းဖို့ပါ။ ကျနော်တို့ဘက်က ပြောတာက ဒါတွေကို အမြန်ဆုံးလုပ်ဖို့ပါ။ လူထုတွေ ငြိမ်းချမ်းရေးရဲ့ ရလဒ်ကို အမြန် ခံစားရဖို့ လိုပါတယ်။
ဦးအေးချမ်းနိုင် - တခြားကိစ္စတွေရော လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဒါတွေရော ဆွေးနွေးပါသလား။
ယိုနာ့စ်ဂါစထရာ - “လွန်ခဲ့တဲ့ ၂ လကလည်း ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အပါအဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးအကျဉ်းသားကိစ္စ ဒါတွေဟာ ကျနော်တို့ အမြဲပြောနေတဲ့ကိစ္စပါ။ ရှေ့ဆက်ပြောင်းလဲတိုးတက်ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် အကုန်လုံးကို တချိန်တည်း လုပ်လို့မရတာကို ကျနော်တို့ နားလည်ဖို့ လိုပါတယ်။ အရေးကြီးတာက နောက်ပြန်မလှည့်ဘဲ ရှေ့တက်ရေးပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရက်ပိုင်းကပဲ ကျနော် စကားပြောခဲ့ပါတယ်။ အခုအပြောင်းအလဲ ရှေ့ဆက် တက်နိုင်အောင် ဝိုင်းပြီး အားပေးကြဖို့ပါ။”
ဦးအေးချမ်းနိုင် - နော်ဝေနိုင်ငံက ငွေကြေး အကူအညီပေးဖို့အတွက်ရော ဆွေးနွေးခဲ့ပါသလား။
ယိုနာ့စ်ဂါစထရာ - “လူသားချင်း စာနာတဲ့ အကူအညီတွေကိုတော့ နာဂစ်ဖြစ်ပြီးကတည်းက ကျနော်တို့ စပေးနေပါပြီ။ ကျနော်တို့ တိကျတဲ့ စီမံကိန်း၊ လုပ်ငန်းတွေကို ထောက်ပံ့ဖို့လည်းရှိပါတယ်။ ဒါပေမယ့် အသေးစိတ် ဆွေးနွေးဖို့ လိုပါသေးတယ်။
ဦးအေးချမ်းနိုင် - ဒီနေ့အစည်းအဝေးမှာ ဘာတွေအဓိက ပြောကြသလဲ။ သူကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ပြောတယ်လို့ပြောပါတယ်။ ဝန်ကြီးအနေနဲ့ကော ဒီနေ့အစည်းအဝေးမှာ ဘာတွေပြောကြလဲ။ ဘာတွေဆွေးနွေးကြလဲ။ အဓိကဘယ်အချက်ကို ပြောကြလဲဆိုတာ တချက်လောက် ရှင်းပြပေးပါလား။
ဦးအောင်မင်း - “ကျနော်လာတဲ့အကြောင်းကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စပဲဖြစ်ပါတယ်။ နိုင်ငံမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စကိုပဲ အဓိက တာဝန်ယူထားပါတယ်။ ဒါတွေကလည်း အားလုံးက နိုင်ငံတော် သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေ ကျနော့်ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပတ်သက်တာ တော်တော်များများ ပြောကြပါတယ်။ အခု ကျနော်တို့ တာဝန်ယူပြီး လုပ်နေတဲ့အပိုင်းမှာ တိုင်းရင်းသား အဖွဲ့တွေတော်တော်များများက အပစ်အခတ်တွေ ရပ်စဲပြီးဖြစ်ပါတယ်။ အဲဒီတော့ သူတို့ပြန်လာပြီးတဲ့အခါမှာ သူတို့လိုအပ်တာတွေ အဆောက်အဦတွေ ဆောက်ပေးရမယ်။ ဒီမိုင်းနင်းတွေလုပ်ပေးရမယ်။ ဒါတွေအားလုံးက အိုင်ဒီပီတွေ၊ ဒုက္ခသည်တွေ ဒါတွေအားလုံးကို လုပ်ပေးရမှာဖြစ်တယ်။ ဒီအခြေအနေလေးတွေကို ကျနော်လာပြီး ရှင်းလင်းတင်ပြတာပဲ ဖြစ်ပါတယ်။”
ဦးအေးချမ်းနိုင် - အခုလာတဲ့အချိန်မှာ နော်ဝေးကို မြန်မာနိုင်ငံအစိုးရထဲက အကြီးအကဲ ခေါင်းဆောင်တဦး နှစ်ပေါင်းများစွာထဲမှာ ပထမဆုံးအကြိမ် ရောက်ရှိတာပေါ့။ သမ္မတကြီးဆီကကော နော်ဝေးအစိုးရအတွက်ကို ပေးလာတဲ့ သတင်းစကားလေးတွေ ရှိပါသလား။
ဦးအောင်မင်း - “ကျနော်တို့ အစိုးရတက်လာပြီး နောက်ပိုင်းမှာ တကယ်တော့ နော်ဝေးနိုင်ငံက ကျနော်တို့နဲ့ မိုင်အားဖြင့် အများကြီးကွာဝေးသော်လည်းပဲ၊ ကျနော်တို့အစိုးရ တက်တက်ချင်းမှာ နီးနီးကပ်ကပ် ဆက်ဆံတဲ့ နိုင်ငံတခုအနေနဲ့ ပြောလို့ရပါတယ်။ ဒီနိုင်ငံက တကယ်တော့ ဒီမိုကရေစီ စစ်စစ် နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံကို သွားတဲ့အခါမှာ အတုယူစရာလေးတွေ၊ မြင်စရာလေးတွေ အများကြီးရှိပါတယ်။ သမ္မတကြီး ကိုယ်တိုင်ကလည်း လိုလိုလားလားနဲ့ လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီရောက်တော့လည်း ဒီမှာလုပ်ပေးတဲ့ အစီအစဉ်တွေအရ ကျွမ်းကျင်သူတွေလည်း အများကြီးတွေ့ရပါတယ်။ ကျန်တဲ့နေရာတွေလည်း အများကြီးရောက်ပါတယ်။ ကျနော်တို့ မှတ်သားရမယ့်ကိစ္စတွေ၊ ကျနော်တို့ လုပ်ရမယ့်ကိစ္စရပ်တွေ ဒါတွေအများကြီး သင်ခန်းစာအများကြီး ရပါတယ်။”
ဦးအေးချမ်းနိုင် - နော်ဝေးအစိုးရနဲ့ မြန်မာအစိုးရကြားမှာ ရှေ့ဆက်ပြီး စီမံကိန်းတွေ ဘယ်လမ်းကြောင်းမှာ ဆက်ဖို့ရှိပါသလဲ။
ဦးအောင်မင်း - “ကျနော့်ခရီးစဉ်မှာတော့ တခုထူးခြားတာတော့ ကျနော်တို့ရောက်တဲ့နေ့မှာပဲ စီးပွားရေးပိတ်ဆို့မှုတွေ ဖြုတ်ပေးလိုက်တယ်။ နောက်တခုကတော့ နော်ဝေးသံရုံးကို မြန်မာနိုင်ငံမှာ လာဖွင့်မှာဖြစ်ပါတယ်။ သံရုံးလာဖွင့်တယ်ဆိုကတည်းက နီးနီးစပ်စပ် ဆက်ဆံတဲ့ နိုင်ငံတခု ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေက တိုးတက်မှု အခြေအနေတွေပါ။”
ဦးအေးချမ်းနိုင် - အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက်လို့ ဒါလည်း လူတိုင်းမေးနေတဲ့ မေးခွန်းတခုပါပဲ။ ကရင်တို့ မွန်တို့ဘက်ကမှာ အပစ်အခတ် ရပ်စဲရေးဖြစ်နေပေမယ့် ကချင်ဘက်မှာတော့ မဖြစ်သေးတဲ့ကိစ္စပေါ့။ အဲဒီအပေါ်မှာ ဝန်ကြီးဘာပြောချင်ပါသလဲ။
ဦးအောင်မင်း - “ကချင်ဘက်လည်း နိုင်ငံတော်သမ္မတကြီးကနေ ဦးဆောင်ပြီးတော့ နည်းပေါင်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။ အခုလည်း သမ္မတကြီးကနေ ဒီတဖွဲ့ကိုတော့ ဖြစ်အောင်လုပ်သွားမယ်ဆိုတဲ့ စီမံချက်ပေါ့၊ သူ့ရဲ့စိတ်ဆန္ဒ ဒီလိုရှိပါတယ်။ ဒါလေးကိုလည်း လုပ်ဖို့အစီအမံတွေ အများကြီးရှိပါတယ်။ ကျနော်ထင်တာတော့ အားလုံးအဆင်ပြေသွားမယ်။ အေးချမ်းတဲ့ မြန်မာနိုင်ငံကြီး ဖြစ်လာမယ်လို့ ယူဆပါတယ်။”
- ဦးအေးချမ်းနိုင်၊ ယိုနာ့စ်ဂါစထရာနှင့် ဦးအောင်မင်း