မွမ်ဘိုင်းတိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု စွပ်စွဲခံရသူအား ပြန်လွှတ်

ဓာတ်ပုံ - ရိုက်တာ
နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ ၂၀၀၈ မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့သူလို့ စွပ်စွဲခံထားရသူကို ပါကစ္စတန်တရားရုံးက လွှတ်ပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ အစ္စလာမ် လှူဒါန်းမှုအဖွဲ့အစည်းတခုရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်တဲ့ ဟာဖစ်ဆာအိကို အခုနှစ် ဇန်နဝါရီလက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခဲ့တာပါ။ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့သူလို့ အမေရိကန်နဲ့ အိန္ဒိယတို့က စွပ်စွဲထားပြီး သူ့နဲ့ပတ်သက်တဲ့ သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ဆုငွေထုတ်ထားခဲ့တာပါ။ သူ့ကို ဇန်နဝါရီလက မဖမ်းဆီးခင် ပါကစ္စတန်အစိုးရက လွှတ်ပေးထားတဲ့ကိစ္စဟာ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးကို ထိခိုက်စေတဲ့ အကြောင်းတခု ဖြစ်ခဲ့ပါတယ်။ အခု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဟာဖစ်ဆာအိဟာ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခြင်းမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။ ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ သေနတ်သမား ၁၀ ယောက်ဟာ ဟိုတယ် ၂ လုံး၊ ဂျူးစင်တာနဲ့ ဘူတာရုံတို့ကို အကြမ်းဖက်တိုက်ခိုက်ရာမှာ လူ ၁၆၆ ဦးထိ သေဆုံးခဲ့ပါတယ်။ ဟာဖစ်ဆာအိဟာ အစ္စလာမ် အလှူဒါနပြုအဖွဲ့ဖြစ်တဲ့ ဂျာမတ်အက်ဒ် ဒါဝါ အဖွဲ့ရဲ့ ဦးဆောင်သူ ဖြစ်ပါတယ်။ အမေရိကန်က အဲဒီ အလှူဒါနပြုတဲ့အဖွဲ့ဟာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ လက်ကစ်ခါအီ တာလီဘာ အဖွဲ့ရဲ့ မျက်နှာဖုံးဖြစ်တယ်လို့ ပြောကြားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up